သျှမ်းပြည်တောင်ပိုင်း တောင်ကြီး မြို့လယ်ခေါင်တွင် ချိတ်ဆွဲထားသည့် လော်စပီကာ တစ်လုံးမှ စစ်အာဏာရှင် “အလိုမရှိ” သီချင်းသံကြောင့် စစ်ကောင်စီများက လာရောက်ဖွင့်သည့်သူကို လိုက်လံစစ်ဆေးနေကြောင်း သတင်းရရှိသည်။

ယနေ့ (ဇန်နဝါရီ ၁၉)ရက် နေ့လယ်ပိုင်း ၁ နာရီခွဲဝန်းကျင်တွင် တောင်ကြီး မြို့လယ်ခေါင် မြို့မစျေးနှင့် Asia Light သို့ လမ်းဖြတ်ကူးသည့် နေရာအနီးရှိ ဓာတ်တိုင်ပေါ်တွင် စစ်အာဏာသိမ်း အလိုမရှိ သီချင်းအား ဘလူးတူးဖြင့် ဖွင့်လျက် ချိတ်ထားကြောင်း သတင်းသိရသည်။
“ဘယ်တုန်းက လာချိတ်သွားမှန်းတော့ မသိရဘူး၊ သီချင်းသံကြားမှ လန့်ကုန်တာ၊ တစ်နေရာရာက မှားဖွင့် လိုက်သလားပေါ့၊ သေချာရှာကြည့်တော့ ဓာတ်တိုင်မှာ ချိတ်ထားတဲ့ လော်စပီကာကနေ အသံလာမှန်း သိရတယ်” ဟု တောင်ကြီးမြို့ မင်းလမ်းတွင် ရှိနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါ သီချင်းသံသည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းမှုကို လက်မခံသော နိုင်ငံရေးသီချင်း (ဆန္ဒပြ သပိတ်စစ်ကြောင်းချီတက်စဥ် ဖွင့်သော သီချင်း) ဖြစ်သဖြင့် ပြည်သူများလည်း သွားဖြုတ်ခြင်း၊ တို့ထိခြင်းများ မပြုခဲ့ကြောင်း သိရသည်။
“ဆန္ဒပြသီချင်းပါ၊ ဒီလို မြို့လယ်ခေါင်မှာ မကြားရတာ ကြာလို့လားမသိဘူး၊ ဒီနေ့ကြားရတာ ကြက်သီးမွှေးညှင်းတွေတောင် ထတယ်၊ ဘယ်ပြည်သူမှ သွားမဖြုတ်ဘူး၊ နာရီဝက်လောက်ကြာမှ စစ်သားနဲ့ ရဲတွေ လာဖြုတ်သွားတယ်၊ အနီးပတ်ဝန်းကျင်က CCTV တွေကိုလည်း စစ်ဆေးမှုတွေ လုပ်သွားတယ်” ဟု ဖြစ်စဥ်များကို မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ လော်စပီကာကို နေ့လယ် ၂ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲများ လာရောက်ဖြုတ်ယူသွားပြီး အနီးပါတ်ဝန်းကျင်ရှိ အဆောက်အအုံနှင့် ဆိုင်ခန်းများမှ CCTV များကို လိုက်လံစစ်ဆေးနေကြောင်းလည်း သိရသည်။











Leave a Comments