၁၉၆၂ မတ်လ ၂ ရက်က မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း က ဝန်ကြီးချုပ် ဉီးနု၏ အရပ်သားအစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။
မြန်မာနိုင်ငံ ပထမ ဆုံး သမ္မတကြီး ဖြစ်သူ သျှမ်းစော်ဘွားကြီး စဝ်ရွှေသိုက် ၏ ရန်ကုန်မြို့ရှိ ကုက္ကိုင်းအိမ်တော်ကို ဝင်စီးပြီး အသက် ၁၅ နှစ် အရွယ်သာ ရှိသေးသည့် သားတော် စဝ်မီမီသိုက် ကို ပစ်သတ်လိုက်သည်။
ထိုကိစ္စကို ဉီးနေဝင်းက ကမ္ဘာ့မီဒီယာများအား – “ယိုယွင်းလာနေတဲ့ ပြည်ထောင်စု ရဲ့ အနေအထားကို ဗမာ့ တပ်မတော်က တာဝန်ယူ စောင့်ရှောက်လိုက်ပြီး သွေးမြေမကျဘဲ တိုင်းပြည့်အာဏာကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်” ဟု ထိုစဉ်က ပြောကြားခဲ့သည်။
လက်တွေ့တွင် စဝ်မီ ပစ်သတ်ခံရသည့်အပြင် သျှမ်းစော်ဘွားကြီးများ သျှမ်းခေါင်းဆောင်များ ကို ဖမ်းဆီးထောင်ချခဲ့သည်။ ခေတ်ပညာတတ် သီပေါစော်ဘွားကြီး စဝ်ကြာဆိုင်ကို ဖမ်းဆီးခေါ်ဆောင် သွားပြီး အစဖျောက်ခဲ့သည်မှာ ကနေ့အထိ နတ်ရွာစံကံတော်ကုန်သည့် နေရာပင်ရှာ မတွေ့ခဲ့ပေ။
ပင်လုံညီလာခံမှ သဘောတူညီချက်အရ ၁၀ နှစ်အတူတကွ ဒွန်တွဲနေထိုင်ကြည့်သော်လည်း မျှော်လင့်ချက်အတိုင်း ဖြစ်မလာသောကြောင့် စဝ်နွဲ့ ဆောယန္တ ဉီးဆောင်သည့် သျှမ်းလူငယ် ၃၂ ဉီးက လက်နက်စွဲကိုင်ပြီး ၁၉၅၈ မေလ ၂၁ ရက် တွင် သျှမ်းလက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သည်။
ထိုစဉ် သျှမ်းခေါင်းဆောင်အများစုက စဝ်နွဲ့၏ လမ်းစဉ်ကို အကောင်းမမြင်ဘဲ ဖြစ်ပေါ်နေသည့် နိုင်ငံ့အရေးကို လွှတ်တော်မှတဆင့် ဖြေရှင်းရန် ကြိုးစားကြစဉ် ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်း လိုက်ခြင်းဖြစ်သည်။
ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီး ၂ နှစ်ကျော်သော်လည်း သျှမ်းပြည်မြောက်ပိုင်း သိန္နီနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ မြန်မာနိုင်ငံပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီး၏ မဟာဒေဝီ စဝ်မယ့် နန်းဟိန်းခမ်း က ၁၉၆၄ ဧပြီ ၂၄ ရက်၌ သျှမ်းပြည်တပ်မတော် SSA ကိုထပ်မံတည်ထောင်ဖွဲ့စည်းလိုက်သည်။
ထိုစဉ်စတင်ထားပြီးဖြစ်သည့် သျှမ်းလူငယ်များတပ်မတော်နှင့် မပေါင်းစည်းနိုင်ခြင်းသည် ကနေ့ထက်တိုင် ကုသဖို့ဆေးရှာမရခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။
ပိုဆိုးသည်မှာ ဆေးရှာဖို့ ကနေ့ခေတ်ခေါင်းဆောင်ကြီးများမကြိုးစားဘဲ တစ်ဉီးအပေါ်တစ်ဉီး မာန်မာနတရားရှေ့တန်းတင်နေသဖြင့် အမျိုးသားရင်ကြားစေ့ရေး ၊ ပေါင်းစည်းညီညွတ်ရေး ဟူသည်မှာလည်း မရှိလာခဲ့ပေ။
သျှမ်းပြည်တိုင်းရင်းသား လူမျိုးစုများကလည်း နောင်တော် သျှမ်းများကို အားကိုးဖို့ထက် မိမိကိုယ်မိမိ အားကိုးဖို့သာ လုပ်ဆောင်လာသည်ကိုတွေ့ကြရသည့်အတိုင်းပင်ဖြစ်သည်။
ဤအချက်များကို တွေးတောဆင်ခြင်ကြခြင်းဖြင့် သျှမ်းလူငယ် လူကြီး ရဟန်းရှင်လူ အလွှာ အသီးသီး က မမေ့လျော့ကြဖို့အထူးလိုအပ်သည်။ အဖိနှိပ်ခံဘဝကနေ လွတ်မြောက်ဖို့ သျှမ်းလူမျိုး စည်းလုံး ညီညွှတ်မှု ယိုယွင်းနေသည်ကို ကနေ့သျှမ်းတွေက အပြီးသတ် ပြုပြင်ဖာထေးဖို့ အထူးလိုအပ်နေ ပါသည်။
“နွားကွဲရင် ကျားဆွဲမယ်” ဆိုသည့် စကားပုံအတိုင်း သျှမ်းကွဲလို့ သျှမ်းမတွဲ လို့ သျှမ်းပြည်ပြိုကွဲပျက်စီး သွားသည်ဆိုသည်ထက် စစ်အာဏာရှင် အသက်ဆက်ရေးအတွက် အသက်ကယ်ဆေးတခွက်ဖြစ် နေသည်ကို သတိမူသင့်ပါကြောင်း သံတော်ဆင့်အပ်ပါသည်။
လူထုအသံ သျှမ်းသံတော်ဆင့်အသံ
အယ်ဒီတာ့အာဘော်












Leave a Comments