မူဆယ်မြို့ CDM ပညာရေးဝန်ထမ်းများ နည်းမျိုးစုံ ဖိအားပေး ခြိမ်းခြောက်ခံနေရ

0

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် စစ်အာဏာရှင် စနစ်ကို အာဏာဖီဆန်မှုလှုပ်ရှားရာတွင် ပါဝင်သည့် ( CDM) ပညာရေးဝန်ထမ်းများကို လစာကိုယ်တိုင်လာထုတ်မှသာပေးမည်ဟု ဖိအားပေး၊ ခြိမ်းခြောက်ခံနေကြောင်း သတင်းရရှိသည်။

အဆိုပါ CDM ပါဝင်လှုပ်ရှားနေသည့် ပညာရေး ဝန်ထမ်းများကို လက်မှတ်ထိုးခိုင်းပြီး၊ လစာကိုယ်တိုင် လာထုတ်ယူခိုင်း ကြောင်း နှင့် မေ (၃) ရက်တွင် အလုပ်ပြန်ဝင်ခိုင်းကာ နည်းမျိုးစုံ ဖိအားပေး ခြိမ်းခြောက်နေသည်။

“ လစာတွေကို ကိုယ်တိုင်လာ မထုတ်ရင် မထုတ်ပေးဘူး၊ နောက် (၃)ရက်နေ့ ကျရင် ကျောင်းကို အရောက် လုပ်ငန်းခွင် ပြန်ဝင်ဖို့ လက်မှတ်ထုးရမယ် လို့ မူဆယ် ထ)၂) ကျောင်းအုပ်က ညွှန်ကြားလာတယ်” ဟု မူဆယ်မြို့ပညာရေးဝန်ထမ်း တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

အကြမ်းဖက်စစ်ကောင်စီမှ မေ (၅)ရက်မှ စတင်ပြီး ပညာရေး ကျောင်းများပြန်ဖွင့်ရန် ကြိုးစားနေပြီး ပညာရေးဝန်ထမ်းများ အားလုံး ကျောင်းပြန်လာရန် လက်ရှိအချိန်ကစပြီး နည်းမျိုးစုံခြိမ်းခြောက်မှု ဖိအားပေးမှုတွေပြုလုပ်နေကြောင်း CDM လုပ်ထားသည့် မူဆယ်မြို့မှ ကျောင်းဆရာမ တဦး ကပြောပြသည်။

“တကယ်လို့လစာထုတ်ပြီးသွားရင်လဲ မေလ ၃ ရက်နေ့မှ အကုန်အလုပ်ပြန်ဝင်ရမယ်ပြောတယ်။ တကယ်လို့မဝင်ရင် ထုတ်ထားတဲ့ လစာတွေအကုန်ပြန်သွင်းရမယ်လို့ ခြိမ်းခြောက်တာတွေလဲလုပ်တယ်။” ဟု အထက်ပါ ဆရာမက ပြောပြသည်။

CDM ပြုလုပ်နေသည့်ပညာရေးဝန်ထမ်းများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် အလုပ်မလုပ်လိုသဖြင့် အဆုံးထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး လစာပြတ်ခွင့်တင်ကာ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

“ ကျမကတော့ လစာဖြတ်ရင်လည်း ဖြတ်ပါက မရရင်လည်း မယူဘူး။ စစ်အာဏာရှင်လက်အောက်တော့အလုပ်မလုပ်ဘူး။ ဖမ်းဆီးမှုရှိရင်တော့ ရှောင်ရမယ်” ဟု မူဆယ်မြို့ အထက်တန်းပြ ကျောင်းဆရာမ တဦး ကဆက်လက်ပြောပြသည်။

ထိုသို့ကျောင်းပြန်ဖွင့်ပါက လဲချားမြို့ ကျောင်းသားတစ်ဦးက “ သူတို့ပြန်ဖွင့်ရင်လဲ မတက်ပါဘူး။ ကျောင်းသွားအပ်ရင်တော့ သူတို့ ပြည်သူတွေကို သတ်နေတာ ကျနော်တို့က သွားထောက်ခံ နေသလိုဖြစ်မယ်။ စစ်ကျွန်းပညာရေး ကိုတော့ မသင်ချင်ဘူး။” ဟု ကျောင်းသားတစ်ဦးကပြောသည်။

အလားတူ မေလ ၂၂ ရက်နေ့တွင်ကျောင်းအပ်များကို စတင်လက်ခံသွားမည်ဖြစ်ကြောင်း၊ ကျောင်းသားမိဘများကလည်း ကျောင်းကိုထားမည်မဟုတ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီမှ နည်းမျိုးစုံဖြင့် ပြည်သူများက ၎င်းတို့ကို လက်ခံကြောင်း နိုင်ငံတကာကို ပြသရန် ကြိုးစား နေကြသည်။

အကြမ်းဖက်စစ်ကောင်စီမှ CDM ဝန်ထမ်းများထောက်ပံ့နေသောသူများကို အိမ်အရောက်ဝင်ရောက် ဖမ်းဆီခြင်း များ ပြုလုပ်နေပြီး၊ ရာဇသတ် ပုဒ်မ ၅၀၅ က တို့ဖြင့် ဖမ်းဝရမ်းထုတ်နေကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက် ဘဏ်ဝန်းထမ်းများ၊ အစိုးရဝန်းထမ်းများ အာဏာဖီဆန်ရေး CDM တွင် ပါဝင်လှုပ်ရှာလာသောကြောင့် စီးပွားရေးများ၊ နိုင်ငံတော် ယန္တယားများ ကောင်းမွန်စွာလှည့်ပတ်နိုင်ခြင်း မရှိတော့ကြောင်းသိရသည်။

Leave a Comments