၁၀ရက်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီးလူငယ် ကျဆုံး

0

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရာ ပျောက်ဆုံးသွားသည့် လူငယ်တဦး ကို (၁၀)ရက်ကြာပျောက်ဆုံးကာ ကျဆုံးသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့တွင် မတ်လ၂၈ ရက်နေ့က စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရာတွင် ပျောက်ဆုံးသွားသည့် အသက် (၂၅)နှစ် အရွယ်ရှိ မောင်တည်မြဲလွန်း ကို ယနေ့ ဧပြီ ( ၇ )ရက် ထိ မတွေ့ရှိရသဖြင့် ကျဆုံးသွားပြီဖြစ်ကြောင်း မိသားစုဝင်များက ပြောဆိုသည်။

“ သူ (မောင်တည်မြဲလွန်း) ကို ကျမတို့ ဆန္ဒပြအပြီးမှာ ဖုန်းဆက်ကြည့်တယ်။ စက်ပိတ်ထားတယ်။ သူရဲ့ သူငယ်ချင်းကိုဆက်တော့ရတယ်။ သူ့သူငယ်ချင်းကတော့ တည်မြဲလွန်းပျောက်နေတယ်။ ရဲစခန်း၊ တောင်လုံးလေး သွားကြည့်တော့လည်း သတင်းမရရှိခဲ့ဘူး” ဟု မောင်တည်မြဲလွန်း၏ အမဖြစ်သူ တဦးက ပြောပြသည်။
၁၀ရက်ကြာ ပျောက်ဆုံးနေသည့် မောင်တည်မြဲလွန်းကို မိသားစုဝင်များနှင့် သူငယ်ချင်းများက တောင်ကြီးမြို့ရှိ ရဲစခန်း၊ တောင်လေးလုံးထောင်ကို လိုက်လံစုံစမ်းရာ တစုံတရာမျှ သတင်းမရရှိခဲ့ပေ။

ထို့ကြောင့် ရက်ပေါင်း သတင်းများမကြားရှိရသည့် အတွက် မိသားစုဝင်များနှင့် အသိုင်းဝိုင်းများက မောင်တည်မြဲလွန်း သေဆုံးသွားပြီး ဟု ယူဆထားကြသည်။

“ သူအိမ်ပြန်မလာတာလည်း (၇ )ရက် ရှိနေပြီတော့ကျမတို့က သူ မရှိတော့ဘူးလို့ယူဆပြီး ဆွမ်းကပ်ပေးလိုက်တယ်” ဟု မောင်တည်မြဲလွန်း ၏ အမ က ဆိုသည်။

တောင်ကြီး တွင် မတ် ၂၈ရက် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသည့် လူထုသပိတ်ကို အကြမ်းဖက်စစ်ကောင်စီ က သေနတ်ပစ်ခတ်ဖြိုခွင်းမှုပြုလုပ်ခဲ့ရာ ထိုထဲတွင် ဆန္ဒပြသည့် မောင်တည်မြဲလွန်း ကို သေနတ်ထိမှန်ပြီး၊ ကျဆုံးသွားပြီ ဖြစ်ကြောင်း တောင်ကြီး ဒေသခံများပြောပြချက် အရသိရသည်။

ထိုကျဆုံးသွားသည့် အလောင်းကိုလည်း အကြမ်းဖက်စစ်ကောင်စီက ဖျောက်လိုက်ကြောင်း ကလောနှင့် အောင်ပန်း သင်္ချိုင်းတွင် သဂြိုဟ် လိုက်ပြီး ဟုဆိုသည့် သတင်းကလည်း ထွက်ပေါ်နေသည်။

“ မောင်တည်မြဲလွန်းက မတ်လ ၂၈ ရက်နေ့မှဘဲ သူကိုသေနတ်ထိပြီးဆုံးသွားတယ်။ အလောင်းဖျောက်ပစ်တာလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ကြားသိရတာကတော့ အောင်ပန်းသချိုင်းမှာ သဂြိုဟ်တယ်လို့ကြားရတယ်” ဟု တောင်ကြီး ဒေသခံ တဦးကပြောသည်။

အလားတူ မတ်လ ၂၉ရက်နေ့ ည အချိန်တွင် ရဲ နှင့် စစ်တပ်များက ယူနီဖောင်းဝတ်ထားပြီး အောင်ပန်းမြို့ သုသာန်တွင် သေဆုံးသူ ရုပ်အလောင်း (၇)ဦးထက်မနည်း တိတ်တဆိတ် မီးသဂြိုဟ်ခဲ့ကြောင်း သိရသည်။

ထိုနည်းတူ မတ်လ ၂၉ ရက်နေ့မတိုင်းခင် တောင်ကြီးမြို့ နှင့် အောင်ပန်းမြို့ပေါ်က‌ သေဆုံးသွားသည့် ဆန္ဒပြသူများ၏ ရုပ်အလောင်းကို အကြမ်းဖက်စစ်ကောင်စီ အုပ်စု က ကလောမြို့သုဿန်တွင် လူသိမခံဘဲ မီးသဂြိုလ် အလောင်းကို ဖျောက်ခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

“ သူအိမ်ပြန်မလာသေးတော့ ကျမတို့ကတော့ ဆုံးပြီးလို့ဘဲ ယူဆတယ်။ မောင်တည်မြဲလွန်းက မတ်လ ၂၈ ရက်နေ့ညနေပိုင်းကတည်းက သေနတ်ထိမှန်းပြီး သေဆုံးသွားပြီးလို့လည်း လူတယောက်ကလာပြောတယ်။ အဲလိုနဲဘဲ ကျမတို့က သူသေဆုံးသွားပြီးဆိုတာကို ယုံသွားရတယ်” ဟု အမဖြစ်သူက ထပ်လောင်း ပြောသည်။

လက်ရှိ အချိန်ထိ မောင်တည်မြဲလွန်း အခြေအနေကို မိသားစုများက စောင့်ဆိုင်းနားထောင်ပြီး လိုက်လံစုံစမ်း မေးမြန်းသော်လည်း အကြမ်းဖက်စစ်ကောင်စီမှ တစ်စုံတစ်ရာမဖြစ်ခဲ့သလို နှုတ်ပိတ်ထားခဲ့သည်။

Leave a Comments