RCSS/SSA နှင့် တပ်မတော် သီပေါမြို့နယ် တွင် ၂ရက် တိုက်ပွဲဖြစ်

0

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)နှင့် တပ်မတော်တို့သည် ၂ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

RCSS/SSA နှင့် တပ်မတော်သည် ဖေဖော်ဝါရီ (၉ )ရက် နေ့လည်ပိုင်း တွင် သီပေါမြို့နယ် မိုင်းတုံကျေးရွာ အုပ်စု ခိုင်းဆင်ကျေးရွာ တွင် တကြိမ်၊ ယနေ့ ဖေဖော်ဝါရီ (၁၀)ရက် မနက်ပိုင်းတွင် အုမ်မုအုပ်စု ပန်ခါးကျေးရွာတွင် တကြိမ် တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း RCSS/SSA၏ သတင်းပြန်ကြားရေး ထံမှစုံစမ်းသိရသည်။

“ ကျနော်တို့နဲ့ တပ်မတော် ၂ရက် သီပေါမြို့နယ် အတွင်းမှာ ဆက်တိုက် တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ တပ်မတော်က တပ်ရင်း(၄)ရင်း က ကျနော်တို့ တပ်ရှိတဲ့နေရာကို ထိုးစစ်ဆင်တိုက်ခိုက်တာပါ” ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တပ်မတော်သည် RCSS/SSA ထိန်းချုပ်ရာ နယ်မြေ အတွင်းသို့ ဆက်သွယ်ညှိနှိုင်း အကြောင်းကြားခြင်း မပြုဘဲ နယ်မြေ ရှင်းလင်းရေး၊ နယ်မြေစိုးမိုးရေး အကြောင်းပြချက်ဖြင့် ဝင်ရောက်လာပြီး ဆက်လက် ထိုးစစ်တိုက်ခိုက်ပါက တိုက်ပွဲများ ပိုကျယ်ပြန့်လာမည် ကို စိုးရိမ်ရကြောင်း RCSS/SSA ၏ ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိ ကာလသည် တပ်မတော်၏ အာဏာသိမ်းခြင်းကို ဆန့်ကျင်သော အားဖြင့် နိုင်ငံ အနှံ့ ဆန္ဒပြပွဲများ ဖြစ်ပွားနေပြီး၊ နိုင်ငံရေး အကျပ်အတည်း အား အကြမ်းမဖက် ဖြေရှင်းနေချိန်၊ အခက်အခဲများစွာ ကြုံတွေ့နေချိန် တပ်မတော် က ယခုကဲ့သို့ထိုးစစ်ဆင် ခြင်းသည် ဒေသခံ ပြည်သူများကို ပိုပြီး ဒုက္ခရောက်စေကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တပ်မတော် အနေဖြင့် RCSS/SSA၏ တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်းသည် တပ်မတော် က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယုံကြည်မှုကို ပျက်ပြားစေကြောင်းလည်း RCSS က ပြောဆိုလိုက်သည်။

Leave a Comments