Monday, July 22, 2024

သျှမ်းပြည် တွင် စစ်အာဏာရှင် ဆန့်ကျင်သူများကို လိုက်လံဖမ်းဆီးနေ

Must read

သျှမ်းပြည် အတွင်း စစ်အာဏာသိမ်းဆည်းမှုကို ဆန့်ကျင်ဆန္ဒပြရာတွင် ဦးဆောင်သည့် သူများကို စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ ၁ရက် မနက်ပိုင်းတွင် စစ်တပ်မှ နိုင်ငံတော်၏ အာဏာကို သိမ်းယူလိုက်ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD )ပါတီမှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို တပ်မှ ထိန်းသိမ်းခဲ့သည်။

တပ်မတော် မှ နိုင်ငံတော်၏ အာဏာကို သိမ်းယူလိုက်သည့် အတွက် သျှမ်းပြည်အပါအဝင် မြန်မာတဝှမ်းလုံးရှိ သန်းချီ ပြည်သူများက စစ်အာဏာစနစ် ကျရှုံးရေး အတွက် ဖေဖော်ဝါရီ ၆ရက်တွင် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်မှုပြုလုပ်လာကြသည်။

ထို့နောက် ဖေဖော်ဝါရီ (၉ )ရက်တွင် သျှမ်းပြည်အတွင်းရှိ စစ်အာဏာရှင်စနစ် ကျရှုံးရေးအတွက် ဦးဆောင် ဆန္ဒပြသူများကို စတင် ဖမ်းဆီးမှုများပြုလုပ်လာကြကြောင်းစုံစမ်းသိရသည်။

လက်ရှိ ဖမ်းဆီးခံရသူများမှာ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်တွင် NLD ပါတီဝင် ဦးကျော်မြင့်၊ မဇ္ဈီမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ၊ ကျိုင်းတုံမြို့ တွင် မူလတန်းပြ ကျောင်းဆရာမ နန်းဆိုင်လောဝ် နှင့် ပရဟိတ လုပ်ဆောင်နေသည့် မချော နှင့် သျှမ်းပြည်တောင်ပိုင်း နိုင်/ ကျဉ်းသားဟောင်း ကိုမြင့်ဌေး(ခ)ကိုဘယ်ကျော်တို့ ဖြစ်ကြောင်း သိရသည်။

“ ကျနော်သိရသလောက် အားလုံးကို မနက် မိုးမလင်းခင် ၄နာရီ လောက်မှာ လာခေါ်သွားတယ်။ စစ်သားတွေ ရဲတွေ လာခေါ်သွားတာ။ စခန်းလိုက်ခဲ့လို့ပြောပြီး ခေါ်သွားတာ။ အခုထိ မလွှတ်သေးဘူး” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သည့် အမျိုးသား တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုဖမ်းဆီးခံရသူများသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့အတွက် ဦးဆောင်သူများ မဟုတ်ကြောင်း၊ ပြည်သူများက မိမိဆန္ဒအလျောက်သဘောထားထုတ်ဖော်ကြခြင်းဖြစ်ကြောင်း ၊ ဖမ်းဆီးသွားသူများကို အမြန်ပြန်လွှတ်ပေးရန် တောင်းဆိုချင်ကြောင်းလည်း ၎င်း အမျိုးသားက ပြောသည်။

ဆက်လက်ပြီး စစ်အာဏာရှင် အစိုးရကို ဆန့်ကျင်နေသူများ၊ လူမှုအဖွဲ့အစည်းများ နှင့် နာမည်ထွက်နေသူများကို တပ်မတော် က ဆက်လက် ရှာဖွေနေကြောင်းသိရသည်။

ယနေ့သည် စစ်အာဏာသိမ်းယူမှု (၉ )ရက်မြောက်နေဖြစ်လာပြီဖြစ်ပြီး၊ စစ်အာဏာရှင်ဆန့်ကျင်မှုကို သျှမ်းပြည်အပါအဝင် မြန်မာတဝှမ်းလုံးက အရှိန်မြင့် တော်လှန်နေကြပြီး၊ နေပြည်တော် ၊မန္တလေးတွင် စစ်အာဏရှင်ကို ဆန့်ကျင်သည့် ပြည်သူများကို အာဏာရှင်အစိုးရက အကြမ်းဖက်ဖြိုခွဲခြင်း၊ သေနတ်ပစ်ခတ်ခြင်းတို့လည်း ပြုလုပ်နေသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်မှုကြောင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး၊ အမျိုးသမီး တဦး အရေးပေါ် စိုးရိမ်နေရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်အာဏာရှင်လက်အောက်တွင် အလုပ်မလုပ်လိုသည့် အစိုးရ ဌာနဆိုင်ရာ များလည်း များစွာ ပေါ်ထွက်လာသလို ပြည်သူရဲ တချို့လည်း ပြည်သူနှင့် တသားတည်း ပူးပေါင်းပါဝင်လာသည် ကို တေ့ွမြင်ရသည်။

Leave a Comments

- Advertisement -spot_img

Latest article