တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။

စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင် မြို့နယ် ၁၂ ခု ပါဝင်နေသည် ဖြစ်ရာ မနက်ဖြန်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် အစောပိုင်းမှ စတင်၍ မဲပေးရမည် ဖြစ်သည်။

သို့သော် ရွေးကောက်ပွဲနှင့် ပတ်သက်၍ တောင်ကြီးမြို့ခံများအား ဆက်သွယ်မေးမြန်းရာ အများစုက မဲသွားပေးရန် စိတ်မဝင်စားကြဘဲ မဲသွားမပေးလျှင် ဖြစ်လာနိုင်သည့် အခြေအနေကိုသာ နားစွင့်နေကြသည်ဟု ဆိုသည်။

“၂၀၂၀ ရေးကောက်ပွဲတုန်းကတော့ ဒီလိုနေ့ဆို ကိုယ့်အစုနဲ့ကိုယ် ဘယ်မှာ ဆုံမယ်၊ ဘယ်အချိန် မဲသွားပေးမယ် ဆိုပြီး ဖုန်းဆက်ကြ ချိန်းကြနဲ့ လှုပ်လှုပ်ရွရွပေါ့။ သျှမ်းလည်း သျှမ်းအစု၊ ပအိုဝ်းလည်း ပအိုဝ်းအစု အဲလို သူ့အစုနဲ့သူ၊ လူငယ်တွေ ပိုတက်ကြွတာပေါ့။ အဲတုန်းက ကိုဗစ် ကာလကြီးတောင် အဲလို။ အခုကတော့ ရွေးကောက်ပွဲ ရှိလို့ရှိမှန်းတောင် မသိသာဘူး” ဟု တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းတွင် နေထိုင်သူ တဦးက ဆိုသည်။

ယနေ့သည် ရွေးကောက်ပွဲ ဥပဒေအရ မဲဆွယ် စည်းရုံးခွင့် မရှိတော့သည့်နေ့ ဖြစ်ပြီး မဲဆွယ် ဆိုင်းဘုတ်များ ဖြုတ်ချထားသည့် တောင်ကြီးမြို့တွင် လုံခြုံရေးယူနေသည့် စစ်ကား တချို့ သွားလာမှုရှိသည်မှ အပ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထူးခြားမှု မရှိဟု မြို့ခံများက ဆိုသည်။

“အရင် (၂၀၂၀ ရွေးကောက်ပွဲ) တုန်းကတော့ ဒီနေ့လိုမျိုးဆို ကားတွေစုနေပြီ။ သူ့ရပ်ကွက် ကိုယ့်ရပ်ကွက် သူ့ပါတီ ကိုယ့်ပါတီ စုပြီ မဲထည့်ဖို့ ပြင်နေပြီ။ မဲစောစောပေးမှ စိတ်ချရမှာလေ။ ဒါတောင် မဲရုံပိတ်တဲ့အထိ မဲမပေးရတဲ့လူတွေ ကျန်နေလို့ ညှိရနှိုင်းရနဲ့။ အခုကတော့ ဘာမှ မရှိဘူး။ မပြောတတ်ဘူး မနက်ဖြန်မှပဲ အခြေအနေအရ မဲထည့်ရမလားပေါ့” ဟု အခြား တောင်ကြီး မြို့ခံ တဦးက ဆိုသည်။

လက်ရှိ အခြေအနေအရ တောင်ကြီးမြို့ပေါ်တွင် မဲရုံသွားရောက်သူ နည်းပါးနိုင်သော်လည်း ရွာများတွင်မူ ဖိအားပေးမှုများကြောင့် မဲသွားထည့်မည်ဟု ထင်မြင်ကြောင်း တောင်ကြီးမြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးက ဆိုသည်။

“မြို့ပေါ်ကတော့ ကြံ့ခိုင်ရေးတို့၊ မဘသတို့၊ PNO တို့က သူ့ပရိတ်သတ်နဲ့သူတော့ မဲပေးကြမှာပေါ့။ ကျန်တာတော့ သိပ်မရှိလောက်ဘူး။ ရွာဘက်တွေကတော့ သူ့ဖိအားနဲ့သူရှိတာပေါ့။ ပအိုဝ်းရွာတွေက ပိုပြီး ဖိအားရှိတာပေါ့။ PNO က အရမ်းနိုင်ချင်နေတာ ဆိုတော့” ဟု ၎င်းက သုံးသပ်သည်။

မနက်ဖြန် မဲပေးရမည့် လင်းခေးမြို့တွင်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိတ်ဝင်စားမှု မရှိသော်လည်း စိုးရိမ်စိတ်များကြောင့် မဲသွားထည့်မည့်သူများ ရှိနိုင်ကြောင်း မြို့ခံများက ဆိုသည်။

“ပြည်သူတွေကတော့ မဲမထည့်ရင် နောက်ဖြစ်နိုင်တဲ့ ပြဿနာ အမျိုးမျိုးကို စိုးရိမ်နေကြတယ်။ အရေးယူခံရမှာ ကိုလည်း စိုးရိမ်နေကြတယ်။ သူတို့ဆီမှာက ကိုယ့်ရဲ့စာရင်းတွေကလည်း ရှိနေတာလေ။ အခုက စက်နဲ့ ဆိုတော့ ဘယ်သူက ပေးလဲ၊ မပေးလဲ စစ်လို့ရတယ်။ ပြီးရင် အရေးယူလာနိုင်တယ်”ဟု လင်းခေးဒေသခံ အမျိုးသားက ပြောဆိုသည်။

ကိုဗစ် ကာလ ကျင်းပခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲသွားပေးရန် ညလုံးပေါက် ပြင်ဆင်မှုများ ရှိခဲ့သည် အထိ တက်ကြွခဲ့သော ရန်ကုန်မြို့တွင်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိတ်ဝင်စားမှု မရှိကြကြောင်း မြို့ခံများက ဆိုသည်။

“မဲဆွယ်တုန်းကလည်း ဘယ်သူမှ စိတ်မဝင်စားဘူး။ မနက်ဖြန် မဲသွားပေးရမည် ဆိုတာတောင် ခုခင်ဗျားမေးမှ သတိရတာ။ အိမ်ကတယောက်လောက်တော့ သွားပေးမယ် ထင်တယ်” ဟု မနက်ဖြန် ဒီဇင်ဘာလ ၂၈ ရက်နေ့ မဲပေးရမည့် တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ တဦးက ဆိုသည်။

လက်ရှိ ရန်ကုန်မြို့သာမက တနိုင်ငံလုံး အတိုင်းအတာဖြင့် စစ်တပ် ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှု နည်းပါးမည်ဟု ၎င်းက ခန့်မှန်းသည်။

“ဦးသန်းရွှေရဲ့ ၂၀၁၀ ရွေးကောက်ပွဲထက်ကို အများကြီး ဆိုးတယ်။ အဲတုန်းက လူထုက စိတ်မဝင်စားဘူး ဆိုပေမဲ့ မဲထွက်ပေးလို့ ကျားဖြူတို့၊ NDF တို့ စသဖြင့်ပေါ့ နိုင်ခဲ့တော့ အတိုက်အခံ အနေနဲ့ ရပ်တည်နိုင်ခဲ့သေးတယ်။ အခုကတော့ စစ်တပ် ထောက်ခံတဲ့ အုပ်စုနဲ့ ခြိမ်းခြောက်ခံရလို့ မဲထွက်ပေးမဲ့ လူနဲ့ ဒါပဲ ရှိမှာပေါ့။ ရွေးကောက်ပွဲ လုပ်မယ် ကြေညာ ကတည်းက ထုတ်သမျှ ဥပဒေတွေ ဖမ်းသမျှတွေ ကြည့်လိုက် ဘာလွတ်လပ်မှုမှ မရှိဘူး၊ ဘာတရားမျှတမှုမှ မရှိဘူး ဆိုတာ ပေါ်နေတာပဲ” ဟု ၂၀၁၀ ရွေးကောက်ပွဲမှသည် ၂၀၂၀ ရွေးကောက်ပွဲ အထိ လေ့လာစောင့်ကြည့်ခဲ့သူ ရန်ကုန်မြို့ခံ တဦးက မှတ်ချက် ပြုသည်။

ထူးခြားချက် တခုမှာ စစ်တပ် လက်ပါးစေ ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိစေရန် သေချာစွာ ခင်းကျင်း စီစဥ်ထားသော်လည်း စစ်ဗိုလ်ချုပ်များ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ကဲ့သို့ အတိုက်အခံပြုမည့်သူ တချို့ အနိုင်ရမည်ကို စိုးရိမ်နေသည်မှာ ကြံ့ခိုင်ရေးပါတီ၏ မဲဆွယ် စည်းရုံးမှုများကို လေ့လာပါက မြင်သာကြောင်း ၎င်းက သုံးသပ်သည်။

ယင်းသို့ ပြည်သူလူထု စိတ်ဝင်စားမှု မရှိသော်လည်း အာဏာကို လက်တလုံးခြား ချုပ်ကိုင်မည့် စစ်တပ် အနေဖြင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို အာသာငမ်းငမ်း ဖြစ်နေသည် ဖြစ်ရာ ရုပ်ပျက်ဆင်းပျက်နိုင်သည့် ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ အဖြစ် မဖြစ်မနေ ပုံဖော်မည်သာ ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။

စစ်တပ် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်ရှိ မြို့နယ်ပေါင်း ၁၂ ခုပါဝင်ရာ ပင်းတယ၊ ဟိုပုံး၊ နောင်ချို၊ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီး၊ နမ့်စန်၊ မူဆယ်၊ မိုင်းဆတ်၊ လားရှိုး၊ လင်းခေးနှင့် လွိုင်လင်မြို့နယ်တို့ ဖြစ်ပြီး မနက်ဖြန် ဒီဇင်ဘာလ ၂၈ ရက်တွင် မဲပေးရမည် ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...