ရေကာတာစီမံကိန်း ရပ်တန့်ရေးကိစ္စ ဦးဆောင်သူများကို သက်ဆိုင်ရာ ကခေါ်ယူစစ်ဆေး

0

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ မြစ်ငယ်မြစ်ပေါ်တည်ဆောက်နေသည့် ရေကာတာ စီမံကိန်းများ ရပ်တန့်ရန် အတွက် ဦးဆောင်လှုပ်ရှားသူ (၄)ဦးကို သီပေါမြို့နယ် အုပ်ချုပ်ရေးမှူး မှ ခေါ်ယူစစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။

လွန်ခဲ့သည့် ၂၀၂၀ ခုနစ် အောက်တိုဘာ ၂၇ရက်တွင် သီပေါ၊နမ္မတူ၊ ကျောက်မဲ နှင့် လားရှိုးမြို့နယ် ဒေသခံများ (၂၀၀၀) ခန့် နမ္မတူမြစ် (ခေါ်) မြစ်ငယ်မြစ်ပေါ် တည်ဆောက်နေသည့် ရေကာတာ စီမံကိန်းများ အားလုံး ရပ်တန့်ရန် လက်မှတ်ရေးထိုးပြီး ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ အိတ်ဖွင့်စာပေးပို့ခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၂၅ရက် တွင် သီပေါမြို့မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေး၊ ဆည်မြောင်းဌာန အပါအဝင် (၈)ဦးတို့ က ဦးဆောင်သူ (၄) ဦးကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း ခေါ်ယူစစ်ဆေးခံရသည့် တာလုံဒေသခံ နန်းလောဝ်ခမ်း က သျှမ်းသံတော်ဆင့် ပြောသည်။

“ပြီးခဲ့တဲ့ အောက်တိုဘာက တင်ထားတဲ့ စာကြောင့်မလို့ပါ။ အဲ့စာက နိုင်ငံတော်အတိုင်ပင်ခံ ရုံးဆီရောက်တော့ အဲ့ဒီကနေ ဆင့်ခေါ်တယ်လို့ ကြားတယ်။ သူတို့က စုံစမ်းစစ်ရေးအဖွဲ့ကို ဖွဲ့ပြီးတော့ ကျမတို့ကိုခေါ်တွေ့တာပေါ့နော်။” ဟု နန်းလောဝ်ခမ်း ကပြောသည်။

ဆက်လက်ပြီး ရေကာတာ အသီးသီး၏ အချက်လက်များ အကျိုးအပြစ်များ ဒေသခံများ သဘောထား အမြင်များကို စစ်ဆေးမေးမြန်းခဲ့ပြီး အချက်လက်များကို ဌာနဆိုင်ရာ အဆင့်ဆင့်တင်ပြပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

“အခုကျမတို့ဆီ အချက်လက်ကောက်ပြီးတော့ ဆက်တင်မယ်လို့ပြောတယ်။ ဘယ်ထိတင်မယ်ဆိုတာတောင် သူတို့မသိဘူး။ အဲ့လိုမျိုး ဒီတိုင်းပဲ အမြဲတမ်း အချက်လက်ပဲကောက်တယ်။ ၄ နှစ် ၅ နှစ်လောက်က ကျမတို့ တွေ့ခဲ့တဲ့ ပုံစံအတိုင်းပဲ ဘာမှ ထူးခြားမူမရှိဘူး” ဟု နန်းလောဝ်ခမ်း ကပြောသည်။

သျှမ်းပြည်အတွင်းရှိ နမ္မတူမြစ်ပေါ်ရှိ အကြီးစားရေကာတာစီမံကိန်း ၃ ခုရှိပြီး ၎င်းတို့သည် နော်ဝေးနိုင်ငံပိုင် SN Power ကုမ္ပဏီ ရင်းနှီးမြုပ်နှံမှုဖြင့် (၇၃၅) မီကာဝပ် ထွက်ရှိမည့် အလယ်ရဲရွာ စီမံကိန်း၊ တရုတ်၊ ဂျပန်၊ ဆွဇ်ဆလန် နှင့် ပြင်သစ်နိုင်ငံ ကုမ္ပဏီများမှ ပါဝင်ဆောက်လုပ်လျှက်ရှိသော ၂၈၀ မီကာဝပ် အထက်ရဲရွာ ရေကာတာ စီမံကိန်း နှင့် Natural Current Energy Hydropower Company Limited မှ ၂၁၀ မီကာဝပ် နမ္မတူ (သီပေါ) ရေကာတာ စီမံကိန်း များဖြစ်သည်။

Leave a Comments