Monday, December 9, 2024

ရေကာတာနှင့် ဆက်စပ်သည့် IFC အဖွဲ့အစည်းအဝေးတွင် ဒေသခံများ ဆန့်ကျင်ကန့်ကွက်

Must read

IFC (International Finance) မှ ဦးဆောင်ကျင်းပသည့် “ မြစ်ငယ်မြစ်ဝှမ်း ဒေသပြည့်ဖြိုးမြဲ စွမ်းအင် ဖွံ့ဖြိုးမှုဆိုင်ရာ စုပေါင်းထပ်ဆင့် ထိခိုက်မှု အကဲဖြတ် ဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲခြင်း အစည်းအဝေး” ကို ယနေ့ တောင်ကြီးမြို့ တွင်ကျင်းပစဉ် ယင်းအစည်း အဝေးကို ဒေသခံပြည်သူလုထုများ နှင့် အရပ်ဖက်အဖွဲ့အစည်းများကန့်ကွက် ဆန္ဒပြခဲ့ကြောင်း သိရသည် ။

Photo SHAN- စက်တင်ဘာလ ၁၂ ရက် ၂၀၁၉ ေ ရကာတာနှင့် ဆက်စပ်သည့် IFC အဖွဲ့အစည်းအဝေးတွင် ဒေသခံများ ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်

စက်တင်ဘလ ၁၂ ရက်နေ့ က IFC (International Finance) အစည်းအဝေးကို Mountain Star Hotel တွင်ကျင်းပရာ ဒေသခံပြည်သူလုထု အင်အား ၂၀၀ ခန့်က လာရောက်ကန့်ကွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“IFC ကို ဘာကြောင့်ကန့်ကွက်ရလဲဆိုတော့ သူတို့အဖွဲ့က ရေကာတာ တွေဆောက် တဲ့ထဲမှာ ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ပါ၀င်တဲ့ အဖွဲ့လည်းဖြစ်တယ် ။ ကျနော်တို့က ရေကာတာနဲ့ပတ်သက်လာရင် World bank ကမ္ဘာ့ဘဏ် ကိုတောင်ကန့်ကွက်ပါတယ် ။ ဘာလို့လဲဆိုတော့ ကမ္ဘာ့ဘဏ်က ရေကာတာတွေ ဆောက်ဖို့ ပိုက်ဆံတွေထုတ် ချေးပေးနေတာ ဖြစ်တယ်။ IFC ကလဲတစ်ခုအပါအဝင် ဖြစ်တဲ့ အတွက် IFC ကိုလဲ ကန့်ကွက်ရခြင်းဖြစ်တယ် ” – ဟု ကန့်ကွက် ဆန္ဒဖော်ထုတ်ရာတွင်ပါ၀င်သည့် နမ့်ခုံး ကျောင်းသားဟောင်းများအဖွဲ့ခေါင်းဆောင် ကိုမျိုးမင်းလတ်ကပြောသည် ။

နမ္မတူမြစ်(ခေါ်) မြစ်ငယ်မြစ်ဝှမ်းပေါ် IFC ၏ ရေကာတာမြှင့်တင်ဆောက်လုပ် ခြင်းကို တာလုံဒေသခံ ရွာသားများ နှင့် ရှမ်းလူမှုကွန်ရက်များ မှ ဆန့်ကျင်ကန့်ကွက် ခဲ့ခြင်းဖြစ်သည် ။

IFC မှ သုတေသန လုပ်ဆောင်ချက်များသည် စည်းမျဉ်းစည်းကမ်းများနှင့် လျော်ညီခြင်း မရှိပဲ တကယ့် ဒေသတွင်းကွင်းဆင်းခြင်းများ မလုပ်ဆောင်နိုင်ကြောင်း (Shan State Peace Task Force) မှ ၀င့်ထည်ကောင်းမြတ်ကသုံးသပ် ပြောဆိုသည် ။

“ စစ်ပွဲတွေဖြစ်နေလို့ လေ့လာဆန်းစစ်ချက်တွေ တိတိပပ မလုပ်နိုင်တဲ့နေရာမျိုးမှာ ရေကာတာ တည်ဆောက် ခြင်းကို လုပ်လို့ရတဲ့ ပုံစံမျိုးသွားနေတဲ့ နေရာမှာ တကယ်ကို မမျှတတဲ့ အခြေအနေမျိုးဖြစ်တယ် ။ ဒီလို အခြေ အနေမျိုးမှာ ကျနော်တို့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပါထိခိုက်စေတယ် ၊ နှစ်ဖက်တပ်တွေ ညှိနှိုင်းနေရတဲ့ အနေအထားမှာ လက်ရှိ အခြေအနေက ထိလွယ်ရှလွယ်နိုင်ငံရေးအခြေအနေမျိုး ၊ စစ်ရေးအခြေအနေမျိုး တွေဖြစ်နေတယ် ။ ဒီလိုအခြေအနေမျိုးမှာ သျှမ်းပြည်ရဲ့ ငြိမ်းချမ်းရေးအခြေအနေကို မထည့်တွက်ဘူး ၊ အရှင်းဆုံးပြောရရင် IFC က နိုင်ငံတကာကနေ ပိုက်ဆံရလို့ ဒီ ပရောဂျက်လုပ်တာဖြစ်တယ် ” ဟု ၄င်းက ဆက်လက် သုံးသပ်ပြောကြားခဲ့သည် ။

Photo SHAN- စက်တင်ဘာလ ၁၂ ရက် ၂၀၁၉ ေ ရကာတာနှင့် ဆက်စပ်သည့် IFC အဖွဲ့အစည်းအဝေးတွင် ဒေသခံများ ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်

ယင်းသို့ ကန့်ကွက်ဆန္ဒထုတ်ဖော်ရာတွင် တာလုံ ၊သီပေါ၊ လဲချား၊ မိုးနဲ ၊ မောက်မယ် မှဒေသခံများ၊ နမ့်ခုံးကျောင်းသားများကွန်ရက် ၊ သံလွင်သားချင်း ၊ မိုင်းပန် လူငယ်အဖွဲ့နှင့် Shan State Peace Task Force အဖွဲ့တို့မှဖြစ်ကြောင်း သံလွင်သွေးချင်းအဖွဲ့ဝင် ၀င်းသော်တာဆွေ ထံမှသိရသည် ။

ပြီးခဲ့သော သြဂုတ်လ ၁၅ ရက်နေ့မှ စပြီး သျှမ်းပြည်နယ် မြောက်ပိုင်းတိုက်ပွဲများကြောင့် စစ်ရှောင်ဒေသခံအရပ်သားများ ၅၀၀၀ ကျော်ရှိခဲ့ပြီး ပဋိက္ခ ဖြစ်ပွားလျှက် ရှိသော်လည်း နမ္မတူမြစ်(ခေါ်) မြစ်ငယ်မြစ်ဝှမ်းပေါ် ရေကာတာမြှင့်တင်ဆောက်လုပ် လိုသည့် ရည်ရွယ်ချက် အားကန့်ကွက်သည့်အနေဖြင့် ဒေသခံများက ယင်းအစည်းအဝေးတွင် အိတ်ဖွင့်ပေးစာပေးပို့ခဲ့ ကြောင်း သိရသည်။

ဒုဌဝတီမြစ်ခေါ် နမ္မတူမြစ် ပေါ်တွင် ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း ဆည် ၅ ခု တည်ဆောက်ရာ မန္တလေးတိုင်းအတွင်း ၃ ခု တည်ဆောက်ပြီးစီးပြီး သျှမ်းပြည်နယ်အတွင်း တည်ဆောက်ဆဲ ဆည် ၂ ခုရှိသည်။

ကျောက်မဲမြို့နယ် အတွင်းရှိ အထက်ရဲရွာခေါ် တာလုံ ရေကာတာ နှင့် သီပေါမြို့နယ်အတွင်းရှိ မိုးတိမ်ဆည် ခေါ် လီလုဆည် တို့ ဖြစ်သည်။ အဆိုပါဆည်များသည် ဒေသခံများ ကိုးကွယ်ရာ စေတီပုထိုး၊ ကျောင်းကန် ဘုရား များနှင့် ရပ်ရွာနေအိမ် လယ်ယာမြေများ ရေအောက်တို့အများအပြားရောက်သွားမည်ဟု သျှမ်းပြည်နယ်မြစ်ချောင်းအင်းအိုင်စောင့်ကြည့်ရေးအဖွဲ့ က ဆိုသည်။

တာ့လုံရွာ ၂ ရွာတွင် ဒေသခံလူထု ၁၀၀၀ နီးပါးနေထိုင်ပြီးရှောက်ချိုသီးစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ ပျှမ်းမျှ လူတဦးလျှင် ရှောက်ချိုသီးခြံ ၂ ဧက ရှိနေပြီး ရှောက်ချိုသီးစိုက်ပျိုးမှုမှရသည့်ဝင်ငွေမှာ တနှစ်လျှင် ကျပ်သိန်း ၂၀ ခန့်အထိရှိကြောင်းတာလုံဒေသခံ ကပြောသည်။ထို့အတွက်ကြောင့် ရေကာတာတည်ဆောက်နေမှုအား စဉ်ဆက်မပြတ် ဆန့်ကျင်ကန့်ကွက်လာနေသည်မှာယနေ့တိုင်ဖြစ်ပါသည်။

သို့သော် အစိုးရဘက်ကရော ကုမ္မဏီများ၊ ရင်းနှီးမြှုပ်နှံသည့်အဖွဲ့အစည်းများဘက်ကပါ ဒေသခံများ၏ ဆန္ဒသဘောထားအပေါ်အလေးမထားဘဲ ရေကာတာ ဆက်လက်တည်ဆောက်သွားနေဆဲဖြစ်ကြောင်းလည်းသိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article