Thursday, April 25, 2024

တိုင်းရင်းသား လက်နက်ကိုင် ၂ဖွဲ့ တွေ့ဆုံရန် ကမ်းလှမ်းမှု မရှိသေး

Must read

RCSS/SSAနှင့် TNLA တို့ကြား တွေ့ဆုံရန် အပြန်အလှန် အဆင်သင့် ဖြစ်နေကြသော်လည်း လက်ရှိအချိန်ထိ တွေ့ဆုံရန် နှစ်ဖက် စာပို့ အကြောင်းကြားထားခြင်းမရှိကြသေးကြောင်း သတင်းရရှိသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေး တပ်မတော် (TNLA) တို့ သည် ၂၀၂၀ခုနစ် ဒီဇင်ဘာ လအတွင်း သျှမ်းမြောက် နမ္မတူမြို့နယ် နှင့် ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အရပ်သားထိခိုက်မှု နှင့် စစ်ဘေးရှောင် (၃၇၀၀) ကျော်စစ်ဘေးရှောင်ခဲ့သည်။

ဇန်နဝါရီ (၁၈) ရက်တွင် (P.S.L.F/T.N.L.A) ဗဟိုကော်မတီ နှစ်ပတ်လည် အစည်းအဝေး၏ သဘောထား ထုတ်ပြန်ချက်အရ မြန်မာ့တပ်မတော် နှင့် RCSS/SSA အဖွဲ့တို့ကို ဆွေးနွေးအဖြေရှာရေး အတွက် အမြဲတမ်း အဆင်သင့်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

“ဆွေးနွေးဖို့အတွက်တော့ ကမ်းလှမ်းလာတာ မရှိသေးဘူး။ ကျနော်တို့ဘက်ကလည်း ပြန်လှည်ကမ်းလှမ်းတာတွေ မရှိသေးဘူး” RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသား လွှတ်မြောက်ရေး တပ်မတော်( TNLA) တို့ တွေ့ဆုံဆွေးနွေးရန်အတွက် အပြန်အလှန် အဆင်သင့် ဖြစ်ကြောင်း ပြောဆိုနေသော်လည်း လက်တွေ့မှာ တွေ့ဆုံဆွေးနွေးမှု ကိစ္စအတွက် နှစ်ဦးနှစ်ဖက် ကမ်းလှမ်းထားခြင်း မရှိကြသေးပေ။

“ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စာပို့ထားတာတော့ မရှိသေးဘူး။ သူတို့ဘက်ကတော့ အဆင်သင့်ဖြစ်တယ်လို့တော့ ပြောတယ်။ ဒါမယ့် ကျနော်တို့တွေ့ဆုံမှုအတွက် ပြန်ပြီး အကြောင်းကြားလာခြင်း မရှိသလို အဲ့ဒါကို သူတို့အကြောင်းပြန်တာ မရှိဘူး။ အဲ့ဟာက အခက်ခဲဖြစ်နေတယ်။ ” ဟု TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

RCSS နှင့် TNLA တို့သည် ယနေ့အချိန်ထိ တိုက်ပွဲ တင်းမာမှုရှိနေသေးသော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။

“လက်ရှိ တိုက်ပွဲအခြေနေကတော့ တင်းမာနေတယ်။ ဟိုဘက် ဒီဘက် နေရာယူထားတာရှိတယ်။ ဒီ ၂ ရက် ၃ ရက်ကတော့ တိုက်ပွဲမရှိဘူး” ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

နှစ်ဖက် စစ်ရေးတင်းမာမှုကြောင့် ယနေ့ချိန်ထိ ကျောက်မဲမြို့ပေါ်ရှိ စစ်ရှောင်များ နေရပ်သို့ မပြန်နိုင်သေးပေ။

သျှမ်းပြည်အတွင်းအတူနေသူများဖြစ်သဖြင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်နေကြောင်း၊ RCSS/SSA နှင့် TNLAတို့ အချိန်မရွေးတွေ့ဆံနိုင်ကြောင်း RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီအချိန်မှာ ဒီလိုမဖြစ်သင့်တော့ဘူး။ကျနော်တို့ သျှမ်းပြည်သားတွေ အားလုံးတွေ့ဆုံဆွေးနွေးသင့်ပြီ။တကယ်တမ်းပြောရမယ်ဆိုရင် TNLAက တာအိုက်ဖုန်းနဲ့ကျနော်တို့က သိနေတဲ့သူတွေပဲ။ တွေ့ဆုံချင်ရင်ဘယ်အချိန်တွေ့ဆုံတွေ့ဆုံလို့ရတယ်လေ။ ကျနော်တို့ဘက်က ဆွေးနွေးဖို့အမြဲတမ်း လက်ကမ်းကြိုဆိုတယ်။ TNLAကိုပြောချင်တာကတော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့ပါပဲ ” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က သျှမ်းသံတော်ဆင့် နှင့် သီးသန့်တွေ့ဆုံ အင်တာဗျူးရာတွင်ထည့်သွင်း ပြောဆိုလိုက်ပါတယ်။

RCSS/SSAနှင့် TNLA တို့နှစ်ဖက် တွေ့ဆုံဆွေးနွေးရန် အတွက် လည်း သျှမ်းပြည်သူများက တောင်းဆိုနေကြသည်။

Leave a Comments

- Advertisement -spot_img

Latest article