Saturday, April 20, 2024

NLD ရဲ့အမျိုးသားညီညွတ်ရေးအစိုးရခရီးစဉ် က တိုင်းရင်းသားတွေကို အလေးထားလား

Must read

အာဏာရ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ ဇန်နဝါရီ ပထမပတ် မှာ အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းဖို့ အတွက် တိုင်းရင်းသားပါတီတွေကို တွေ့ဆုံခဲ့ပါတယ်။

ထိုတွေ့ဆုံမှုမှာ NLD အလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားပါတီတွေကြား နေရာရွေးချယ်မှုကို NLD အနေဖြင့်အလျော့မပေးမှုတွေတွေ့ရပြီး၊ ထိုကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ပြည်သူတွေ ဝေဖန်မှုတွေရှိလာပါတယ်။

အဓိကအကြောင်းရင်းကတော့ တိုင်းရင်းသားပါတီ တွေဟာ NLDပါတီရဲ့ ရုံးကို တွေ့ဆုံရန် အတွက် လက်မခံခဲ့ဘဲ တတိယနေရာတွင်တွေ့ဆုံဖို့ တောင်းဆိုခဲ့ပေမယ့် NLDရဲ့ သဘောထားဟာ လျော့ပေးမှု မရှိခဲ့ပါဘူး။

တိုင်းရင်းသားပါတီတွေရဲ့ လိုလားချက်ကို လျော့ပေးမှုမရှိတဲ့အတွက် ဇန်နဝါရီ (၄) ရက်မှာ မွန်ပြည်နယ်ရှိ မွန်ညီညွှတ်ရေးပါတီ (MUP) နဲ့ ဇန်နဝါရီ (၁၂) ရက်မှာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ပါတီတို့အား တွေ့ဆုံဆွေးနွေးရန် သွားခဲ့ပေမယ့် ဆွေးနွေးမည့် နေရာ ညှိနှိုှုင်းမှု မပြေလည်သဖြင့် ဆွေးနွေးပွဲ ပျက်ခဲ့ရပါတယ်။

ထိုသို့ ပျက်ခဲ့ရတဲ့ အကြောင်းရင်းကလည်း NLD ရုံးခန်းမှာ တွေ့ဆုံကြရန် ချိန်းဆိုရာ ဒေသခံ တိုင်းရင်းသားပါတီများဖြစ်တဲ့ KySDP နဲ့ MUP တို့ မလာနိုင်တဲ့အတွက် တတိယနေရာမှာ တွေ့ရန် ပြောဆိုခဲ့ပေမယ့် ညှိနှိုင်းမှု တွေကြောင့် ဆွေးနွေးပွဲ ပျက်သွားရတာဖြစ်ပါတယ်။

ဖေဖော်ဝါရီ (၁၅) ရက်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ နဲ့ (NLD) တို့ တောင်ကြီးမြို့ရှိ NLD ရုံးခန်းမှာသာ တစ်ဖက် ကိုယ်စားလှယ် (၃) ဦးစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ထိုသို့တွေ့ဆုံရန် အတွက် အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပြီး နေရာရွေးချယ်ခဲ့ကြပြီး နောက်ပိုင်းတွင် NLDရုံးတွင်သာ တွေ့ဆုံခဲ့ရပါတယ်။

“အဲ့ဒါကြောင့် မွန်နဲ့ ကယားမှာ ဖြစ်ခဲ့တဲ့ဟာတွေကို ကျနော်တို့ စိုးရိမ်တယ်။ အဲ့တိုင်းပဲ သူတို့ကိုပြောလိုက်တယ်။ စိုးရိမ်တာနဲ့ တပြိုင်တည်းမှာ အဲ့ဒီဆွေးနွေးပွဲတွေ ပြန်ဖြစ်ဖို့အတွက် NLD ဘက်က ကြိုးပမ်းသင့်တယ်။ ကြိုးပမ်းဖို့ လိုအပ်တယ်။အဲ့ဒီကြိုးပမ်းတဲ့အခါမှာ လိုအပ်လို့ရှိရင် ကျနော်တို့ ကူညီပေးပါဆိုရင် ကူညီပေးမယ်” လို့ အထွေထွေအတွင်းရေးမှူး စိုင်းလိတ် က ပြောပါတယ်။

NLD အနေနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီ (၄၈) ခု တွေ့ဆုံရန်ရှိကြောင်းရပါတယ်။

“ကျနော်တို့ SNLD အနေနဲ့ အဲ့တော့ နိုင်ငံရေး ပါတီ (၄၈) ခုစလုံး သူတို့ကြေညာထားတဲ့ (၄၈) ခုစလုံးနဲ့ တွေ့ဖြစ်အောင် ကြိုးပမ်းစေချင်တယ်။ အရင်က ပျက်ခဲ့တဲ့ဟာတွေလည်းပဲ ပြန်ပြီး ကုစားဖို့အတွက် ကြိုးပမ်းစေချင်တယ်” လို့ စိုင်းလိတ် က ဆိုပါတယ်။

NLD ဗဟိုအလုပ်အမှုဆောင်နဲ့ သျှမ်းပြည်အတွင်းရှိတိုင်းရင်းသားပါတီ တွေနဲ့ တွေ့ဆုံရာတွင် NLD ဘက်မှ နားထောင်ရုံ သက်သက်ဖြင့်သာလာပြီးတွေ့ဆုံခဲ့ပါတယ်။

“ကျမအနေနဲ့ ပြောရမယ်ဆိုရင် နေရာထက် ဆွေးနွေးတိုင်ပင်မှုတွေ က ပိုပြီးအရေးကြီးတယ်လို့ ကျမထင်တယ်။ နေရာက ဘယ်လိုနေရာမှ ဆွေးနွေးမလဲ။ တကယ်လို့ ပွင့်လင်းမြင်သာမှု ရှိမယ် တကယ် လက်တွဲချင်တယ်ဆိုရင် နေရာက အဓိက မကျဘူး။ ဆွေးနွေးတိုင်ပင်မှု ရလဒ်ကောင်းဖို့ပဲလို့ ကျမကတော့ မြင်တယ်” လို့ ပအိုဝ်းလူငယ်အစည်းအရုံး ဒုဥက္ကဋ္ဌ နန်းခမ်းဗိုလ် ကပြောပါတယ်။

ဆွေးနွေးမယ့် နေရာနဲ့ ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးညှိနှိုင်းပြီး၊ နှစ်ဖက်သဘောတူတဲ့ နေရာကိုတွေ့ဆုံကြခြင်း ဟာ အကောင်းဆုံး ဖြစ်ကြောင်း ရှမ်းပြည်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ကပြောဆိုလိုက်ပါတယ်။

“နေရာ နဲ့ ပတ်သက်လို့ သူတို့ ပတ်သက်တဲ့ နေရာ သူတို့သတ်မှတ်တဲ့အချိန်လာဖို့ ဆိုတဲ့အခါကျတော့ အဲ့တော့ တိုင်းရင်းသားပါတီတွေနဲ့ တန်းတူညီမှု မရှိတဲ့အပေါ်မှာ စဉ်းစားကြတယ်။ အမှန်ကတော့ နေရာ နဲ့ အချိန်က အပြန်အလှန် ညှိနှိုင်းပြီးတော့ တွေ့တာကောင်းပါတယ်။ ဘယ်နေရာမှာတွေ့မယ် မတွေ့ဘူးဆိုတာထက် အပြန်အလှန်ညှိနှိုင်းပြီး သဘောတူတဲ့နေရာမှာ တွေ့ရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်” လို့ ဦးမောင်မောင်စိုး ကပြောပါတယ်။

တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်စိတ်ရှိလျှင် တိုင်းရင်းသားတွေကို နွေးထွေးစွာ ဆက်ဆံသင့်သလို တန်းတူညီမျှ ဆက်ဆံတာဟာ အကောင်းဆုံးဖြစ်ကြောင်း ဦးမောင်မောင်စိုး က မှတ်ချက်ပြုလိုက်ပါတယ်။

“တကယ်တမ်း တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်စိတ်ရှိတယ်ဆိုလို့ရှိရင်တော့ တိုင်းရင်းသားတွေ နွေးနွေးထွေးထွေးဆက်ဆံ တန်းတူညီမျှမှု ဆက်ဆံတာတော့ အကောင်းဆုံးပဲလို့ ထင်ပါတယ်” လို့ ရှမ်းပြည်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က ဆိုပါတယ်။

NLDအစိုးရ အနေနဲ့ တိုင်းရင်းသားပါတီတွေ နှစ်ဖက် အပြန်အလှန် ဆွေးနွေးမှုမဟုတ်ဘဲ တိုင်းရင်းသားပါတီဘက်မှ တင်ပြချက်တွေကို တလုံးမချန် ရေးမှတ်ပြီး အထက်ကို ပြန်လည်တင်ပြသွားမည့် အနေအထားသာဖြစ်ပါတယ်။

ထို အမျိုးသား ညီညွတ်ရေး ဖွဲ့စည်းရေး ခရီးစဉ်ဟာ ဒီထက်မက ပိုလေးနက်အောင် ပိုကောင်းမွန်အောင် လုပ်ဆောင် သင့်ကြောင်းလည်း သျှမ်းပြည်အခြေစိုက် လူမှု အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြကြပါတယ်။

“ဆွေနွေးညှိနှိုင်းမှုမှာလည်း ဒီထက်ပိုပြီးတော့မှ လေးလေးနက်နက် အစီစဉ်တကျလုပ်နိုင်ရင် ပိုကောင်းပါတယ်။ တကယ်ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့သူ တွေက လိုက်တွေ့ပြီးဆွေးနွေးတာမျိုးက ပိုပြီးဖြစ်သင့်တယ်။ အပြန်အလှန်ဆွေးနွေးပြီးတော့မှ အပေးအယူ အလျော့အတင်းလုပ်ပြီးတော့မှ တကယ်ကို အောင်မြင်တဲ့ ဆွေးနွေးမှုမျိုး သွားနိုင်ရင်တော့ ပိုကောင်းပါတယ်”လို့ ရှမ်းပြည်အခြေစိုက် မြန်မာ့ငြိမ်းချမ်းရေးနှင့် သိပ္ပံ မှ ကိုဝင့်ထည်ကောင်းမြတ် ကပြောပါတယ်။

တိုင်းရင်းသားပါတီတွေဟာ ကိုယ်ပိုင် နိုင်ငံရေးမူဝါဒ ရှိကြကြောင်း၊ အမျိုးသား ညီညွှတ်ရေး အစိုးရပေါ်ပေါက်လာဖို့ တိုင်းရင်းသားတွေကို လေးလေးစားစား ဆက်ဆံဖို့ လိုကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း မျိုးဆက်သစ် ရှမ်းပြည် မှ ဦးညီညီမိုးက ပြောဆိုလိုက်ပါတယ်။

“ နိုင်ငံရေး အရ တန်းတူညီမျှ သဘောထားဖု့ိ လိုတယ်။ အဲ့ဒီလိုမျိုး မလုပ်နိုင်ဘူးဆိုရင် ညီညွှတ်ရေး ထပ်သွေးကွဲသွားနိုင်တယ်။ ဒီကိစ္စဆိုတာလည်း စနစ်တကျ မဟာဗျုဟာတွေ ချမှတ်ပြီး လုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ်” လို့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ မျိုးဆက်သစ်ရှမ်းပြည် ဦးညီညီမိုး က ပြောပါတယ်။

NLD အနေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရဖွဲ့စည်းမယ်ဆိုပါက မိမိလိုချင်တဲ့ပုံစံ၊ မိမိထည့်လိုသူကိုသာ ထည့်သွင်းမယ်ဆိုပါက အမျိုးသားညီညွတ်ရေး အစိုးရ အမည်ခံပဲ ဖြစ်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက ဝေဖန်လိုက်ပါတယ်။

အနိုင်ရပါတီ NLD ဟာ သဘောထားကြီးပြီး တိုင်းရင်းသားပါတီတွေကိုလည်း အစိုးရ မှာ တာဝန်ပေး၊ ပါဝင်စေပြီး တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တွေတည်ဆောက်ဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် NLDအနေနဲ့ တိုင်းရင်းသားပါတီ နဲ့ နိုင်ငံရေးအရ သေချာ ညှိနှိုင်းပြီး မှ တည်ဆောက်တဲ့ အစိုးရမျိုး ဖြစ်ဖို့၊ တိုင်းရင်းသားပါတီတွေပြောဆိုနေတဲ့ ဖက်ဒရယ် ကို ဦးတည်ပြီး စဉ်းစားကာ သျှမ်းပြည်ရဲ့ စစ်ရေး ပဋိပက္ခတွေ ကို သေချာဖြေရှင်းနိုင်ပြီး တရားဥပဒေ စိုးမိုးတဲ့ အစိုးရ တည်ဆောက်ဖို့ လိုအပ်နေကြောင်း သျှမ်းပြည် နိုင်ငံရေးလေ့လာသူတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article