Tuesday, April 23, 2024

NLD သဘောထား ပြုပြင်မှသာ တွေ့ဆုံမှု အောင်မြင်မည်ဟု SNLD ပြော

Must read

အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်မည်ဆိုပါက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ သဘောထား ကို ပြုပြင်ပြောင်းလဲရန်လိုအပ်ကြောင်း၊ ဒါမှ တွေ့ဆုံမှုအောင်မြင်မည်ဖြစ်ကြောင်း SNLD က ပြောဆိုလိုက်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD သည် မနက်ဖြန် ဇန်နဝါရီ ၁၅ ရက် မနက် ၁၀ နာရီအချိန် NLD နှင့် တောင်ကြီးမြို့တွင် တွေ့ဆုံဆွေးနွေးသွားမည်ဟု သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင်လည်း SNLD အနေဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး တည်ဆောက်မည်ဆိုပါက NLD ဘက်မှ သဘောထားပြုပြင်ပြောင်းလဲရန် လိုအပ်သည့်အကြောင်းကို အဓိက ထားပြောဆိုဆွေးနွေးသွားမည် ဟု SNLD၏ ပြောရေး ဆိုခွင့်ရှိသူ စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်မယ်ဆိုလို့ရှိရင် NLD ဘက်ကလည်း သဘောထားတွေ ပြုပြင်ပြောင်းလဲတတ်ဖို့ လိုအပ်သလို တွေ့ဆုံဆွေးနွေးရေး လုပ်ငနျးစဉ်တွေလည်းပဲ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း အဓိက ထားပြီး ကျနော်တို့ သွားဆွေးနွေးမှာ ဖြစ်တယ်” ဟု စိုင်းလိတ်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် တောင်ကြီးမြို့တွင် တရားဝင် တွေ့ဆုံမှု မလုပ်ခင်၊ ဇန်နဝါရီ ၇ ရက်နေ့က ရန်ကုန်မြို့ရှိ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးအား လည်းကောင်း၊ ယနေ့ဇန်နဝါရီလ ၁၄ ရက် ဒုဥက္ကဌ စိုင်းညွန့်လွင်အားလည်းကောင်း ကိုယ်စားလှယ်လွတ်ပြီး အလွှတ်သဘော တွေ့ဆုံဆွေးနွေးပြီးဖြစ် သည်ဟုလည်းသိရသည်။

SNLD အနေဖြင့် အဓိက ဆွေးနွေးမည့် အကြောင်းအရာ သည် အမျိုးသား ညီညွတ်ရေး ကိစ္စကို ဦးတည်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

စိုင်းလိတ် က “ ၂၀၂၁ ကနေ ၂၀၂၅ အတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စကို ဘယ်လို တည်ဆောက်မလဲ တိုင်းရင်းသား ပါတီတွေနဲ့ ဘယ်လို လက်တွဲဆောင်ရွက်သင့်သလဲ ဘယ်လို လက်တွဲဆောင်ရွက်မှ အဆင်ပြေသလဲဆိုတဲ့ ကိစ္စကို အဓိက ထားပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ဆက်လက်ပြောသည်။

အမျိုးသား ညီညွတ်ရေး ကိစ္စဆိုသည့်နေရာတွင် NLDကိုယ်စားလှယ် အဖွဲ့ အနေဖြင့် ကချင်ပြည်နယ် ၊ မွန်ပြည်နယ် သွားရောက်တွေ့ဆုံရာတွင် အဆင်မပြေခဲ့ကြောင်း၊ ကယားပြည်နယ်တွင်လည်း အဆင်ပြေသည့် အနေအထား မရောက်ခဲ့ပေ။

NLD အနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းရာတွင် တိုင်းရင်းသား ပါတီ( ၄၈) ပါတီ တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စိုင်းလိတ် က “ NLD အနေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ရည်မှန်းထားတဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီ ပေါင်း (၄၈)ခုရှိတယ်။ ၄၈ ခုလုံးကို ထပ်မံပြီး တွေ့ဆုံမယ်ဆိုလို့ရှိရင် အခုလက်ရှိ NLDရဲ့ လက်ခံချက် ရပ်တည်ချက်တွေနဲ့ ဆက်သွားမယ်ဆိုရင် အဆင်မပြေပါဘူး” ဟု ထောက်ပြပြောဆိုလိုက်သည်။

ယမန်နေ့ (ဇန်နဝါရီ ၁၃) ရက် ညနေပိုင်းတွင် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် (၃) ဦးသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် တအာင်း(ပလောင်) အမျိုးသားပါတီ(TNP) တို့သည် တောင်ကြီးမြို့ရှိ NLD ရုံးခန်းတွင် တွေ့ဆုံခဲ့သည်။

ယနေ့ တွင်လည်း ကယန်းအမျိုးသားပါတီ နှင့် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၃)ဦးတို့ NLD ရုံးခန်းတွင် တွေ့ဆုံခဲ့သေးကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article