Wednesday, January 28, 2026

အဖြေမထွက်တဲ့ တိုင်းရင်းသား၂တပ် နယ်မြေစိုးမိုးရေးတိုက်ပွဲ

သျှမ်းပြည်မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း စစ်ရေးပဋိပက္ခ ဟာ တလနီးပါး ဖြစ်ပွားပြီး၊ စစ်ရေးတင်းမာမှုကလည်း ဆက်လက်ရှိနေဆဲပါ။

တိုင်းရင်းသားလက်နက်ကိုင် များဆိုတာကတော့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)နဲ့ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)တို့ပဲဖြစ်ပါတယ်။

RCSS/SSA နဲ့ TNLA တို့ဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းကတည်းက နမ္မတူမြို့နယ် အတွင်း တိုက်ပွဲတွေ တကျော့ပြန်လည်ဖြစ်ပွားလာတာဖြစ်ပြီး အရပ်သား ထိခိုက်သေကြေ ဒဏ်ရာရတာတွေ သူတို့ရဲ့နေအိမ် မီးလောင်ပျက်စီးတာတွေ ၊ တိုက်ပွဲကြောင့် အသက်လုပြီး ထွက်ပြေးရတာတွေ ကြောင့် တင်းမာနေတဲ့ စစ်ရေးက ပိုမို ပြန့်နှံ့လာခဲ့ပါတယ်။

သူတို့ ၂ ဖွဲ့ရဲ့တိုက်ပွဲဟာ နယ်မြေစိုးမိုးရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ အပြန်အလှန်ဖြစ်ပွါးနေတဲ့တိုက်ပွဲသာ ဖြစ်ပါတယ်။

နယ်မြေစိုးမိုးရေး ပဋိပက္ခကြောင့် ကိုယ်ဝန်သည် အမျိုးသမီး တဦးအပါအဝင် အမျိုးသမီး(၃)ဦးနဲ့ ဆယ်ကျော်သက် လူငယ် အမျိုးသား တဦး ကျည်ဆံထိမှန်ဒဏ်ရာရခဲ့သလို အရပ်သားနေအိမ် (၆၀)နီးပါးနဲ့ ကျေးရွာဘုန်းကြီးကျောင်း တွေလည်း လက်နက်ကြီးကျည်ဒဏ် သင့်ခဲ့ရပါတယ်။

“ ကျည်စက လက်ပြင်ဘယ်ဘက်ကို ထိတယ်။ ဗိုက်ထဲက ကလေးအတွက် တော့စိုးရိမ်စရာ မရှိဘူး။ အခုထိတော့ ကြောက်နေတုန်းပဲ” လို့ ကိုယ်ဝန် ၄ လ လွယ်ထားတဲ့ နန်းမွန်းဇင် က ပြောပါတယ်။

နန်းမွန်းဇင် ဟာ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု မှာ နေထိုင်တဲ့သူဖြစ်ပြီး၊ သူမ ကျည်ထိမှန်တဲ့နေ့ကတော့ ဒီဇင်ဘာ (၁၀)ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ မှာဖြစ်ပါတယ်။

ကျည်စထိမှန်တဲ့ဒဏ်ရာက ဗိုက်ထဲက ကလေးကို မထိခိုက်၊ မစိုးရိမ်ရပါဘူးလို့ ဆရာဝန်က ပြောပေမယ့် နန်းမွန်းဇင် တယောက်ကတော့ စိုးရိမ်ပူပန်နေရပါတယ်။

ကျည်ဒဏ်ရာကြောင့် အသက်ရှင်လျက်နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးခဲ့ရတဲ့ အသက် (၅၀)ကျော်ပါ့နုဟာလည်း နေ့စဉ်နဲ့အမျှ သောကနဲ့ အသက်ရှင်နေရပါတယ်။

“ကျမ ခေါင်းကို ကျည်ထိပြီးနောက် နားမကြားရတော့ဘူး။ ခေါင်းလည်း အရင်လိုမဟုတ်တော့ဘူး အမြဲတမ်းလိုလို ကိုက်နေတယ်။ ကျမ ခန္ဓာကိုယ်က အရင်လို အကောင်းမဟုတ်တော့ဘူး” လို့ ဆို့နင့်တဲ့လေသံနဲ့ ပါ့နုက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့ကြားဖြစ်တဲ့ စစ်ရေးပဋိပက္ခကြောင့် အရပ်သားကျည်ထိမှုကိစ္စမှာ သက်ဆိုင်ရာ တပ်ဖွဲ့ ၂ ဖွဲ့ဟာ အပြန်အလှန် လက်ညှိုးထိုး ငြင်းဆိုမှုတွေသာလုပ်နေကြပါတယ်။ စစ်ရဲ့ ဆိုးကျိုးကိုတော့ ပြည်သူတွေသာ ခံစားနေရတာလူတိုင်းအသိဖြစ်ပါတယ်။

အရပ်သားကျည်ထိမှန်မှုနဲ့နေအိမ်ပျက်စီးမှု ကို “ ကျမ အနေနဲ့ကတော့ တိုက်ပွဲဖြစ်တဲ့ တပ် ၂တပ်နဲ့ဆိုင်တယ်။ တဖက်ကိုတဖက် အပြစ်တင်နေတာမဖြစ်စေချင်ဘူး။ တာဝန်ယူမှု တာဝန်ခံမှုရှိစေချင်တယ်” – လို့ နမ္မတူ မန်စံ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ နန်းခမ်း ကပြောပါတယ်။

RCSS/SSA နဲ့ TNLA တိုက်ပွဲ တလနီးပါးကြောင့် စစ်ရှောင် (၃၇၀၀)ကျော် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ဒီ ၁ ရက် ၂ ရက်အတွင်း ပစ်ခတ်မှု ငြိမ်နေတာကြောင့် မိမိနေအိမ်ကို စိတ်မချတဲ့ စစ်ရှောင်တချို့ ၊ အိမ်မွေးတိရိစ္ဆာန်တွေကို စိတ်မချတဲ့စစ်ရှောင်ရွာသားတွေက တိုက်ပွဲကိုမမှုနိုင်တော့ဘဲ ပြန်သွားကြည့်တာတွေလည်းရှိနေပါတယ်။

“စစ်ဖြစ်ရင်ပြေးလိုက် ငြိမ်ရင်ပြန်လိုက်နဲ့ သံသရာလည်နေရတယ်။ ပြည်သူတွေပဲ ခံရတာ။ ဘယ်ဖက်ကကြည့်ကြည့် ခံရတာကတော့ ပြည်သူတွေပါပဲ” လို့ နမ္မတူမြို့နယ် မန်စံစစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ စိုင်းစံ က သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

စစ်ရေး တင်းမာနေမှုကြား ပြည်သူတွေ ဟာ နေရပ်ပြန်ကြပေမယ့် ကျေးရွာ အနီးပတ်ဝန်းကျင်မှာတော့ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိနေသေးပြီး အချိန်မရွေး တိုက်ပွဲ ပြန်လည်ဖြစ်ပွားနိုင်ကြောင်း လည်း စိုင်းစံ က ဆိုပါတယ်။

ဒါ့အပြင် ၂ဖက်တပ်မတော်ရဲ့ နယ်မြေစိုးမိုးရေး လှုပ်ရှားမှုကြောင့် ပြည်သူမကြာခဏထွက်ပြေးနေရပြီး၊ စစ်ရေး ပြဿနာကို စစ်ရေးနဲ့ မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးကြရန်လည်း သျှမ်းမြောက် စစ်ဘေးရှောင်ပြည်သူတွေက ပြောဆိုလိုက်ပါတယ်။

“ RCSSက အမြဲတမ်း တံခါးဖွင့်တယ်။ ဆွေးနွေးချင်တယ်။ TNLA က အရိပ်အယောင်မပြဘူး။ ဆွေးနွေးချင်တာ မပြဘူး။ RCSSက အရင်တုန်းကရှိခဲ့တယ်” လို့ RCSS/SSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က ပြောပါတယ်။

RCSS/SSSA ဘက်ကတော့ တွေ့ဆုံဆွေးနွေးဖို့အမြဲတံခါးဖွင့်ထားပါတယ်လို့ပြောပေမယ့် လက်ရှိ တိုက်ပွဲကာလအတွင်း TNLA ကို တရားဝင် ကမ်းလှမ်းတာတွေတော့ မရှိသေးဘူးလို့ ဒုဗိုလ်မှူးကြီး အုမ်ခေး က ပြောပါတယ်။

“ TNLA က အရိပ်အယောင်မပြသရွေ့တော့ ကျနော်တို့ ကမ်းလှမ်းရင်လည်း ထူးလိမ့်မယ်မရှိဘူး။ အဲ့လို ယူဆတယ် ထင်မြင်တယ်။ လောဆယ်ကမ်းလှမ်းတာ မရှိသေးဘူး” – လို့ ဒုဗိုလ်မှူးကြီး အုမ်ခေးက ဆိုပါတယ်။

တိုက်ပွဲ အခြေအနေ နဲ့ တပ် ၂ တပ်တွေ့ဆုံဆွေးနွေးရေးကိစ္စနဲ့ပတ်သက်ပြီး TNLA ကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါ။

တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း အကြမ်းဖက် လက်နက်ကိုင်ဖြေရှင်းမဲ့အစား တဖက်ပေါ်တဖက် မေတ္တာထားပြီး စစ်မှန်သော နားလည်မှုအပြည့်နဲ့ ညှိနှိုင်းဖြေရှင်းဖို့ ရှမ်းအမျိုးသမီး ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN မှ ညွှန်ကြားရေးမှူး နန်းမွန်းကိန် က ပြောပါတယ်။

“ စစ်ပွဲဟာ (၂) ဖက်တိုက်ပြီး အဲဒီ (၂) ဖက်ပဲ သေကျေပျက်စီး ဆုံရှုံးသာမှမဟုတ်ဘူး။ ပြည်သူတရပ်လုံး ဆုံးရှုံးရတာ၊ စစ်ပွဲအတွက် အသက်ရော၊ အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးတဲ့အပြင် လူထုတရပ်လုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆုတ်ယုတ်စေတယ်” – လို့နန်းမွန်းကိန် က ဆိုပါတယ်။
စစ်ပွဲဖြစ်ပွားပါက အဓိက အထိနာအများဆုံးခံရတဲ့ ဓားစာခံဟာ အမျိုးသမီး နဲ့ ကလေးငယ်တွေဖြစ်ကြောင်း၊ တိုက်ပွဲများချုပ်ငြိမ်းပြီး အမျိုးသမီး နဲ့ကလေးငယ်ဘဝလုံခြုံမှုပေးစေလိုကြောင်းလည်း နန်းမွန်းကိန်က ပြောဆိုလိုက်ပါတယ်။

ယခုသျှမ်းမြောက်ဒေသမှာ အလွန်အေးတဲ့ကာလဖြစ်တဲ့အတွက် စစ်ရှောင်ဒုက္ခသည်များ အလွန်ပင် ဒုက္ခရောက်နေကြပါတယ်။

“ကျမတို့ဖြစ်စေချင်တာ တိုက်ပွဲတွေမရှိတော့ဘဲ အေးချမ်စွာနဲ့ အိမ်ပြန်ခွင့်ရစေချင်တယ်။ သူတို့နေရာသူတို့အိမ်မှာ ကောင်းကောင်းမွန်မွန် ပြန်သွားပြီး လုပ်ကိုင်စားသောက်စေချင်တယ်။ တိုက်ပွဲအမြန်ဆုံးရပ်ပေးဖို့တောင်းဆိုချင်ပါတယ်” လို့ တအာင်း ပညာရေး စင်တာ မှ အထွေထွေ အတွင်းရေးမှူး လွေးချယ်ရီပန် က ပြောပါတယ်။

သျှမ်းပြည်ထဲမှာ သျှမ်းနဲ့တအာင်း (ပလောင်) ခေတ်အဆက်ဆက်က အတူယှဉ်တွဲနေထိုင်လာခဲ့ပြီး၊ အခုလို သျှမ်းတပ်မတော်( RCSS/SSA)နဲ့ တအင်းတပ်မတော် ( TNLA)တို့ တိုက်ပွဲကြောင့် လူမျိုးရေး အသွင်ဆောင်တဲ့ ပြဿနာဖြစ်လာမှာ ကိုလည်း စိုးရိမ်နေရကြောင်း လည်း လွေးချယ်ရီပန် ကပြောပါတယ်။

“ ကျမတို့ နားလည်ထားတာက ဒီဟာက လူမျိုးရေး ပြဿနာမဟုတ်ဘူး။ တပ် ၂တပ် ပြဿာနာဖြစ်တယ်။ ကျမအနေနဲ့ ဒါက လူမျိုးရေး ပြဿနာ လို့သဘောမထားဘဲ အရင်တုန်းက ပုံစံလိုမျိုး အတူတကွ ယှဉ်တွဲနေထိုင်မှုကို သွားစေချင်တယ်။ လူငယ်တွေ အထူးသဖြင့် အင်တာနက် သုံးနေသူတွေလူမျိုးရေး နဲ့ ပတ်သက်ပြီး အမုန်းပွားနေတာ မရေးစေချင်ဘူး” လို့ လွေးချယ်ရီပန် က ဆိုပါတယ်။

RCSS/SSA နဲ့ TNLA တို့ဟာ လွန်ခဲ့တဲ့ ၂၀၁၆ တုန်းကလည်း စစ်ရေး တင်းမာမှု၊ ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပြီး၊ အရပ်သား သေဆုံးမှုလည်း ရှိခဲ့သလို ကျည်ထိမှန်ပြီး လက်ရှိ အချိန်ထိ နာကျင်နေသူလည်းရှိနေဆဲပါ။

သို့ပေမယ့် TNLA ရဲ့ သတင်းထုတ်ပြန်ရေးသားချက်မှာတော့ RCSS/SSA ရဲ့ နယ်မြေ ကျူးကျော်မှုကြောင့် တိုက်ပွဲဖြစ်ပွားနေရတယ်ဆိုတာ ရေးသားထားပါတယ်။

လက်နက်ကိုင် တပ်ဖွဲ့အားလုံးဟာ လက်နက်မဲ့ အရပ်သားအကာအကွယ်ပေးရေးဆိုတဲ့ ဂျနီဗာကောလ်( Geneva Call)ကို လက်မှတ်ရေးထိုးထားကြတဲ့အဖွဲ့တွေဖြစ်ကြပါတယ်။

ဒါ့ပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခကို ကြည့်ခြင်းအားဖြင့် ဂျနီဗာကောလ်ကို လေးစားလိုက်နာမှု မရှိကြောင်းလည်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။

“ တပ်တိုင်းမှာက လူ့အခွင့်အရေး၊ လက်နက်မဲ့ပြည်သူတွေ ထိခိုက်မှုမရှိအောင် ပြုလုပ်ပါမယ်ဆိုတဲ့ ဂတိကဝတ်ပြုထားပါတယ်။ ဒါပေမယ့် အခုတိုက်ပွဲတွေကြည့်ရင် ဒါတွေကို ဂရုမစိုက်ကြဘူး” လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးလည်းဖြစ် စစ်ရှောင်အရေးကူညီပေးနေသူလည်းဖြစ်တဲ့ နန်းခမ်း က ပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေးလုပ်နေသူတိုင်းဟာ ပြည်သူအတွက်ဆိုတဲ့ ခေါင်းစဉ်ကြီးတွေနဲ့ လှုပ်ရှားကြပေမယ့် တကယ်လက်တွေ့မှာ ပြည်သူတွေသာခံနေရကြောင်းလည်း လူ့အခွင့်အရေး ဆောင်ရွက်သူတွေက မှတ်ချက်ပြုလိုက်ပါတယ်။

လက်နက်ကိုင်တော်လှန်နေကြတဲ့ အဖွဲ့တွေအားလုံး ပြည်သူနေထိုင်တဲ့နေရာအနီးတွင် တိုက်ပွဲများ ထပ်မံမဖြစ်စေရန် ရှောင်ရှားပေးစေလိုကြောင်း လည်း စစ်ရှောင်အရေးကူညီနေသူက ပြောပါတယ်။

“ RCSS/SSA ကတော့ အတတ်နိုင်ဆုံး စစ်ပွဲကို ရှောင်ရှားမယ်။ မလွှဲသာ မရှောင်သာလို့ တိုက်ရမယ်ဆိုရင် ရွာနဲ့ မနီးတဲ့နေရာ ရွာကို အန္တာရယ်မဖြစ်စေတဲ့နေရာမှာ လှုပ်ရှားသွားမယ်” လို့ ဒုဗိုလ်မှူးကြီး အုမ်ခေး က ဆိုပါတယ်။

RCSS/SSA နဲ့TNLA ရဲ့ စစ်ရေးတင်းမာမှုဟာ ဘယ်လောက်ထိရှည်ကြာနေမလဲဆိုတာ မသိရှိရတဲ့အတွက် လက်နက်မဲ့ပြည်သူတွေကတော့ နေ့စဉ်နဲ့အမျှ ပူပင်သောကနဲ့ ဖြတ်ကျော်နေရပြီး၊ တိုင်းရင်းသားပြည်သူတွေရဲ့ မျက်နှာကို ငဲ့ညာပြီး တိုက်ပွဲ အမြန်ချုပ်ငြိမ်းကာပေးရန် မျှော်လင့်နေကြပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...