SNLD နှင့် အာဏာရပါတီ NLD တွေ့ဆုံရန် အလားအလာရှိ

0

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီသည် အာဏာရ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တွေ့ဆုံရန် အလားအလာရှိကြောင်း သတင်းရရှိသည်။

NLD ဘက်မှအမျိုးသား ညီညွှတ်ရေး အစိုးရဖွဲ့စည်းရာတွင် တိုင်းရင်းသား ပါတီများကို ဖိတ်ခေါ်ရန်၊ ပူးပေါင်းဆောင်ရွက်ကြရန်အတွက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို နှင့် မြစ်ကြီးနားမြို့နယ်၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန် တို့ကို တာဝန်ပေးထားခြင်း ဖြစ်ကြောင်းသိရသည်။

“ သူတို့ဘက်ကတော့ တွေ့ဆုံဖို့အတွက် တရားဝင် ဖိတ်ကြားလာပါပြီ။ ကျနော်တို့ဘက်က တွေ့ရင် ဆွေးနွေးဖို့ အချက်တွေကို ဒီနေ့ပြင်ဆင်နေတယ်။ အချက်လက် အသေးစိတ်ကို မပြောနိုင်သေးဘူး” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယနေ့ (ဇန်နဝါရီ ၁၃)ရက် ညနေ (၃)နာရီတွင် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်(၃)ဦးသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့်လည်းကောင်း ညနေ ၄နာရီခွဲတွင် တအာင်း အမျိုးသားပါတီ(TNP)နှင့်လည်းကောင်း တောင်ကြီးမြို့ NLD ရုံးခန်းတွင်တွေ့ဆုံခဲ့သည်။

“နက်ဖန် ညနေ ၄ နာရီမှာ SNLD ပါတီနဲ့လည်း တွေ့ဖွယ်ရှိတယ်။ ဒီရုံးမှာဘဲ ” ဟု ဒေါက်တာအောင်မိုးညို က မီဒီယာများကို ပြောဆိုသည်။

ယနေ့ တွေ့ဆုံရာ၌ အစိုးရအဖွဲ့ တွင် ပြည်နယ်အဆင့် သာမက ပြည်ထောင်စု အဆင့်တွင်ပါ နေရာပေးစေချင်ကြောင်း PNO နှင့် TNP ပါတီ (၂) က ဆွေးနွေးခဲ့ကြောင်း ဒေါက်တာ အောင်မိုးညိုက မီဒီယာများကို ပြန်လည်ပြောပြသည်။

“ တိုင်းရင်းသား ညီအစ်ကို ပါတီ တောင်းဆိုတဲ့အထဲမှာ သူတို့ကို ပြည်နယ်အဆင့် လွှတ်တော် ပြည်နယ်အဆင့် အစိုးရ သာမက ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့မှာပါ နေရာပေးစေချင်တယ်” ဟု ပါတီ (၂)ခု၏ တောင်းဆိုချက်ကို ဒေါက်တာ အောင်မိုးညို ကပြန်လည်ပြောပြသည်။

အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့စည်းရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ သည် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) နှင့် မွန်ပြည်နယ် မွန်ညီညွတ်ရေးပါတီ(MUP) ပါတီတို့အား တွေ့ဆုံဆွေးနွေးရန် (သျှမ်းပြည်မလာခင်က) သွားခဲ့သော်လည်း နေရာညှိနှိုင်းမှု မပြေလည်သဖြင့် ဆွေးနွေးပွဲ ပျက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသား နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ နှင့် တွေ့ဆုံနိုင်ခဲ့သော်လည်း ပါတီချင်း တွေ့ဆုံသည့် ပုံစံ မဟုတ်သောကြောင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ကြောင်းသိရသည်။

Leave a Comments