Thursday, April 25, 2024

တီကျစ်ကျောက်မီးသွေးဒဏ် ဒေသခံများ ခံနေရဆဲ

Must read

တောတောင် ပတ်ပတ်လည် ကာရံထားပြီး မြို့အဝင်လမ်းတလျှောက်မှာတော့ စိမ်းလန်းကာ မျက်စိတဆုံးရှိသည့် လယ်ယာ စိုက်ခင်းများက ဆီးကြိုနေသည်။

မြို့အဝင် လမ်းတလျှောက်မှာ လယ်ယာစိုက်ခင်း စိမ်းစိမ်းစိုစိုမှာ ဒေသခံ တိုင်းရင်းသားများ၏ လယ်ယာစိုက်ခင်းများဖြစ်သည်။

ထိုနေရာလေးကတော့ သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့လေးပင်ဖြစ်ပါသည်။

တီကျစ်မြို့လေးထဲ ဝင်လာပါက ဒေသခံ သျှမ်း၊ ပအိုဝ်း၊ တောင်ရိုး တိုင်းရင်းသား တွေ နေထိုင်သည့် ရွာလေးများရှိသည်။

စိမ်းလန်းနေသည့် စိုက်ခင်းတွေက တီကျစ်မြို့အဝင်ကို လှပနေအောင် ဖန်တီးပေးထားပေမယ့် လမ်းမကြီးကို ကျော်ပြီး ရွာတွေထဲ ဝင်လာပြီဆိုလျှင်ဖြင့် စိမ်းစိုနေသည့် မြင်ကွင်းများက လုံးလုံးပျောက်သွားပြီး မီးခိုးများ ပတ်ဝန်းကျင် အပြည့် အုံ့ဆိုင်းနေရာ ယူထားသည်။

ထို မီးခိုးများသည် ကျောက်မီးသွေး စက်ရုံ မှ ထွက်လာသည့် မီးခိုး များဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံများ ပြောပြသည့် ကျောက်မီးသွေးစက်ရုံသည် တီကျစ်မြို့လေးထဲက သာယာကုန်းကျေးရွာ နှင့် ကပ်လျက် တည်ရှိနေသည်။

“ စက်ရုံကြောင့် ကျနော်တို့ ဒေသခံတွေ ကျန်းမာရေး၊လူမှုရေး၊ စီးပွားရေး အစစအရာရာ ကျဆင်းလာတယ်။ စိုက်ပျိုးရေး ကလည်း အဆင်မပြေသလို ကျန်းမာရေးကလည်း တနေ့တခြား ဆိုးရွားလာတယ်” လို့ သာယာကုန်း ဒေသခံ ခွန်ဝင်းထိန် က ပြောသည်။

ကျောက်မီးသွေး စက်ရုံ မှ စွန့်ပစ်သည့် ပြာများကိုလည်း သာယာကုန်း ရွာလမ်း တွင် လာရောက်ခင်း ထားကြောင်းလည်း ခွန်ဝင်းထိန် က ပြောပြသည်။

တီကျစ် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံသည် စွမ်းအင် ဝန်းကြီးဌာန ကြီးကြပ်မှုဖြင့် တရုတ်နိုင်ငံ၏ (China National Heavy Machinery Corporation Company) နှင့် မြန်မာနိုင်ငံ ဧဒင်အုပ်စုကုမ္ပဏီတို့က ၂၀၀၁ ခုနှစ် တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနစ်တွင် စတင်လည်ပတ်နေခြင်း ဖြစ်သည်။

ကျောက်မီးသွေး စက်ရုံနှင့် ပတ်သတ်၍ ဒေသခံများက မကျေနပ်ချက်များ ရှိနေသည်ဟု ဆိုသည်။

စက်ရုံလုပ်ငန်းလည်ပတ်ပြီးသည့် နောက်ပိုင်းတွင် လေကောင်းလေသန့် မရတော့ဘဲ မီးခိုးများ ပြာမှုန့်များကြား နေနေရပြီး ကျန်းမာရေးချို့တဲ့မှုများလည်း ရှိလာသည်ဟု ပြောဆိုနေကြသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလက ထွက်ရှိထားသည့် “တီကျစ်မြေမှ ခေါင်းလောင်းသံ”အစီရင်ခံစာ၌ တီကျစ် ကျောက်မီးသွေး စက်ရုံ၏ မီးခိုးခေါင်းတိုင်မှာ ပေ ၄၀၀ တည်ဆောက်ရန် သတ်မှတ်ထားသော်လည်း လက်ရှိတွင် ပေ၂၀၀ သာ ရှိတာကြောင့် စက်ရုံလုပ်ငန်းက ထွက်သည့် မီးခိုးငွေ့များ ပြာမှုန့်များက ဘေးပတ်ဝန်းကျင်ရှိ ရွာများအတွင်း လုံးထွေး ဝင်ရောက် လာနေခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ယခင်က တောတောင်တွင် ဘိုးဘေးစဉ်ဆက် ကျန်းမာစွာ နေထိုင်ခဲ့ကြသည့် ဒေသခံများက ယခုတော့ မီးခိုးငွေ့ များကြားနေထိုင်နေရတာကြောင့် ချောင်းဆိုး ရင်ကြပ်သလို အသက်ရှုမဝခြင်း၊ မူးဝေအော့အန်ခြင်း၊ ခေါင်းကိုက် မအီမသာဖြစ်ခြင်းနှင့် အရေပြားယားယံခြင်းများ လူတိုင်းနီးပါး ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

အသက်အရွယ်ကြီးသူများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ ပိုအဖြစ်များသည်ဟုလည်း ဆိုကြသည်။

သာယာကုန်းကျေးရွာ ဒေသခံ ဦးခွန်ဝင်းထိန်က “ အခုနောက်ပိုင်း ရုတ်တရက်သေဆုံးသူတွေ အရမ်းများ လာတယ်။ ထမင်းချက်ရင်းနဲ့ လည်း သေတာတွေ့ရတယ်။ ရောဂါ အဆန်းတွေဖြစ်နေတယ်။ နောက်ပြီး စက်ရုံ က ညှော်နံ့ တွေ ရှူတော့ သွေးတိုးတွေ အဖြစ်များတယ်” ဟု ပြောသည်။

ကိုယ်ဝန်သည် မိခင်များအနေဖြင့် ကိုယ်ဝန် လမစေ့ဘဲ ကလေးမွေးခြင်း၊ သားပျက်သားလျောဖြစ်လွယ်ခြင်း၊ မွေးရာပါ ကိုယ်အင်္ဂ ါ ချို့ယွင်းခြင်းနှင့် ဉာဏ်ရည် မမီသောကလေးများမွေးဖွား ခြင်းစသည်တို့ဖြစ်ပွားသည်။
လက်ရှိမှာ နာတာရှည် အသက်ရှူမဝဘဲ သေဆုံးသူ များပြားကြောင်းသိရသည်။

ကျောက်မီးသွေး စက်ရုံ သည် ၂၄နာရီ လည်ပတ်သည့် အတွက် ည ဘက်တွင် ကျောက်မီးသွေး စက်သံ ဆူညံမှု များဖြစ်ပွားကာ ဒေသခံတွေ အတွက် အခက်ကြုံနေရကြောင်းလည်း ခွန်ဝင်းထိန် က ပြောသည်။

“ စက်ရုံက အနံ့ ဆိုးကတော့ ည ဆို ပိုရတယ်။ ကျနော်တို့ ကတော့ အနံ့ ယဉ်နေပြီ။ ဒါပေမယ့် ညည ဆိုရင် စက်ရုံ ကစက်သံ တွေ အရမ်းဆူညံတယ်။ အိပ်လို့မရဘူး” ဟု ခွန်ဝင်းထိန် က ဆိုသည်။

ကျောက်မီးသွေးစက်ရုံမှ ထွက်သည့် မီးခိုးငွေ့များ ပြာမှုန်များကြောင့် ရွာများအတွင်း နေထိုင်ရခက်လာသည့် ဒေသခံများက စက်ရုံကို မနှစ်သက်ကြောင်း ယခုမှ ပြောနေကြခြင်း မဟုတ်။ စက်ရုံစတင်လုပ်ငန်းလည်ပတ်ပြီး ကတည်းက ၎င်းတို့ ကြံုတွေ့ခံစားနေရသည်များကို ပြောဆိုနေကြခြင်း ဖြစ်သည်။

တီကျစ်မြို့တွင် နေထိုင်သည့် ဆရာဝန် ဒေါ်ကြည်ကြည်စန်းက ကျောက်မီးသွေး စက်ရုံ မှ ထွက်လာသည့် အနံ့ များကြောင့် ကိုယ်ဝန်သည် အမျိုးသမီး များအတွက် အသက် အန္တရာယ်ဖြစ်စေနိုင် သည်ဟု ပြောသည်။

ကျောက်မီးသွေး စက်ရုံ ပတ်ဝန်းကျင်၌ နေထိုင်သည့် ကိုယ်ဝန်သည် အမျိုးသမီး အများစု သည် ကိုယ်ဝန်ကျခြင်း၊ လမစေ့ပဲ မွေးဖွားခြင်း နှင့် ပေါင်မပြည့်သည့် ကလေးငယ်များ မွေးဖွားမှု နှုန်း မြင့်တက်လာသည် ဟုလည်း ဒေါ်ကြည်ကြည်စန်းက ပြောပြသည်။

“ကိုယ်ဝန် ပျက်ကျတာ၊ လမစေ့ ပေါင်မပြည့်မွေးပြီး ရက်ပိုင်း သေဆုံးမှုကတော့ တနှစ်ထက် တနှစ်ပိုများလာတယ်” ဟု ဒေါ်ကြည်ကြည် စန်းက ဆိုသည်။

ဆက်လက်ပြီး တီကျစ်ဒေသခံ အမျိုးသမီး ဒေါ်ခင်သန်းကြည် က “ ကိုယ်ဝန် ၂ခါ။ ၃ခါ ပျက်ကျတာလည်း ရှိတယ်။ ကိုယ်ဝန် မတည်မြဲတော့တဲ့သဘောပဲ။ နောက်ထပ် ယူဖို့ တောင် ကြောက်နေကြတယ်” ဟု ပြောပြသည်။

တီကျစ် ကျောက်မီးသွေး ပတ်ဝန်းကျင်တွင် နေထိုင်သည့် ဒေသခံများသည် ကျောက်မီးသွေး စက်ရုံ ၏ ဆိုးကျိုး၊ ကောင်းကျိုး မသိရှိကြကြောင်း၊ကျန်းမာရေး အသိပညာ နည်းပါးပြီး ပညာရေး ဗဟုသုတ မရှိကြကြောင်း လည်း ကျောက်မီးသွေး စက်ရုံ လည်ပတ်မှုကို ကန့်ကွက်သည့် တီကျစ်ဒေသခံ စိုင်းထူး က ပြောသည်

တီကျစ်မြို့ ကျောက်မီးသွေး စက်ရုံ နှင့် သတ္တုတွင်း မှ ထွက်လာသည့် အညစ်အကြေး အနံ့အသက်များ ကို စမ်းသပ်ခြင်း၊ သုတေသန ပြုလုပ်ခြင်းမရှိ သေးကြောင်းလည်း ကျောက်မီးသွေး စက်ရုံ လည်ပတ်ခြင်းကို ကန့်ကွက်သည့် တီကျစ်ဒေသခံ စိုင်းထူး ကပြောသည်။

ကျောက်မီးသွေး စက်ရုံကို ပြန်လည် စမ်းသပ်လည်ပတ်မှု နှင့် ပတ်သတ်ပြီး တီကျစ် ဒေသခံ များက ကန့်ကွက်ထား သော်လည်း ရပ်ဆိုင်းခြင်းမရှိပေ။

မြန်မာနိုင်ငံတွင် ကျောက်မီးသွေး သုံး လျှပ်စစ် ထုတ် စက်ရုံ (၃) ရုံ ရှိသည့် အနက် တီးကျစ် ကျောက်မီးသွေး သုံး လျှပ်စစ် ထုတ်စက်ရုံ သည် အကြီးဆုံး နှင့် ပထမဦးဆုံး လည်ပတ်သည့် စက်ရုံ တရုံ ဖြစ်ကြောင်းသိရသည်။

၂၀၁၄ခုနစ် သြဂုတ် (၂၃) ရက်နေ့တွင် လျှပ်စစ် စွမ်းအားဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဟောင်း ဦးမော်သာထွေး ကလည်း တီကျစ် ကျောက်မီးသွေး စက်ရုံ သည် နည်းပညာ နိမ့်ပြီး ဒေသခံ အပေါ် ထိခိုက်မှု ရှိသည် ဟု ပြောဆိုကာ ရပ်ဆိုင်းခဲ့သော်လည် ၂၀၁၅ ခုနစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် ကျောက်မီးသွေး စက်ရုံကို ပြန်လည် ပြင်ဆင်ရန် ဓာတ်အားပေးစက်ရုံ ကို ပြန်လည်ပတ်နိုင်ရေး အတွက် တရုတ်နိုင်ငံမှ WUXI HUAGUANG ELECTRIC POWER ENGINEERING CO., LTD.
နှင့် ရင်းနှီးမြှုပ်နှံ မှု ဆိုင်ရာ သဘောတူ စာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

ထို့ကြောင့် ၂၀၁၆ ခုနစ် စက်တင်ဘာ ၂၆ ရက်နေ့ တွင် ၅ကြိမ် ခန့် စက်များစမ်းသပ် လည်ပတ်ခဲ့ပြီး ယခု နောက်ပိုင်း ကျောက်မီးသွေး စက်ရုံကို ၂၄နာရီ စမ်းသပ် လည်ပတ်နေကြောင်း သိရသည်။

စိုက်ပျိုးရေး ကျဆင်းသည့် တီကျစ်

တီကျစ်သည် စိုက်ပျိုးရေးကို သာ အဓိက အားထားစိုက်ပျိုးရသည့် ဒေသတခု ဖြစ်သည်။

တီကျစ် ပတ်ဝန်းကျင် တွင် အဓိက အနေဖြင့် အာလူး၊ ပြောင်း၊ ငရုတ်၊ ဂျင်း၊ နှမ်း နှင့် သီးနှံ များစိုက်ပျိုးပြီး မြန်မာပြည် အနှံ့ ပို့ဆောင်နေသည်။

ယခုနောက်ပိုင်း ကျောက်မီးသွေး စက်ရုံ ၊သတ္တုတွင်း စက်ရုံ မှ စွန့်ပစ် ပစ္စည်းများသည် ချောင်း၊မြောင်းအတွင်းသို့ စီးဆင်းကာ စိုက်ပျိုးရေး အဖြစ်အသုံးပြုနေသည့် လယ်ယာမြေ၏ မြေဆီလွှာများ ခန်းခြောက် ပျက်စီးလာပြီး သီးနှံ အထွက်နှံလည်း ကျဆင်းလာသည် ဟု ဒေသခံ များက ပြောသည်။

“ရေခမ်းခြောက်လာတဲ့ အပြင် ကျောက်မီးသွေး စက်ရုံ နဲ့သတ္တုတွင်း မှ ထွက်လာတဲ့ စွန့်ပစ် ညစ်ညမ်းရေ တွေ စိုက်ခင်းထဲ ရောက်တယ်။ စိုက်ပျိုးသီးနှံ ကတော့ တနှစ် ထက် တနှစ် အထွက်ကျဆင်းလာတယ်” ဟု တီကျစ်ဒေသခံ စိုင်းထူး က ပြောသည်။

တီကျစ်ဒေသ အတွင်း ရှိ စိုက်ပျိုးမြေများသည် ယခင် က မြေနဲ့ မတူညီတော့ဘဲ သီးနှံ စိုက်ပျိုးသည့်အခါ အခက်အခဲ မျိုးစုံ ကြံုတွေ့နေရကြောင်း၊ မြေဆီဓာတ်လျော့ ကျလာသည့်အတွက် ဓာတ်မြေသြဇာ ပိုထည့် ရ သည် ဟုလည်း စိုင်းထူးက ဆိုသည်။

“ မြေဆီ ဓာတ်တွေ ပြောင်းလဲ လာတဲ့အတွက် အားလုံး ဆိုရင် စိုက်လို့မရတဲ့ အဆင့်ထိပါပဲ။ အားလူးက အသက်မပြည့်ခင် ညိုးပြီးသေသွားတယ်။ သီးနှံ စိုက်ရတာ တွက်ခြေ မကိုက်တော့ဘူး” ဟု စိုင်းထူး က ပြောသည်။

ဆက်လက်ပြီး တီကျစ် သာယာကုန်းကျေးရွာမှ တောင်သူ တဦးဖြစ်သည့် ခွန်ဝင်းထိန် က “ စိုက်ခင်းတွေပေါ် ပြာတွေကျ၊ မြေဆီတွေ ခန်းခြောက်တော့ သီးနှံက တနှစ်ထက် တနှစ် အထွက်နှုန်း ကျလာတယ်” ဟု ထပ်မံပြော သည်။

တီကျစ် စိုက်ပျိုးရေး အတွက် အားထားနေရသည့် ရေထွက်ချောင်း နေရာ ၂နေရာ ကွယ်ပျောက်သွားပြီး စက်ရုံ များထပ်မံ လည်ပတ်မည် ဆိုပါက ချောင်းများ ပျောက်ကွယ်သွားနိုင်သည် ဟုလည်း ခွန်ဝင်းထိန် ကဆိုသည်။

တီကျစ် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံသည် (၁၀) နှစ်ကျော် လည်ပတ်လာပြီးနောက် တီကျစ်ဒေသ တွင် သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး နှင့် ကျန်းမာရေး အပြင် ယဉ်ကျေးမှု အမွေအနှစ် များလည်း ပျက်စီးလာသည် ကိုဒေသခံများက စိုးရိမ် မှု ပိုမို မြင့်တက်လာစေခဲ့သည်။

ထို့ကြောင့် တီကျစ်ကျောက်မီးသွေး သုံး လျှပ်စစ် ဓာတ်အား ပေးစက်ရုံ နှင့် ကျေက်မီးသွေး သတ္တုမိုင်းတွင်းသည် ဒေသခံများ၏ ဘဝလုံခြံုရေး နှင့် ရေရှည် ပြသာနာ မျိုးစုံ ကို ဖန်တီး သည့် အတွက် စက်ရုံ နှင့် သတ္တုတွင်း တူးဖော်နေမှု များ ရပ်တန့်ရန် တီကျစ်ဒေသခံများက တောင်းဆိုကြသည်။

တီကျစ်ဒေသ အတွင်း တည်ဆောက်ထားသော ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ နှင် ကျောက်မီးသွေး သတ္တုတွင်း ကို သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်လေ့လာခြင်း(EIA) ၊ လူမှု ရေး ထိခိုက်မှု ဆန်းစစ်လေ့လာခြင်း(SIA )၊နှင့် ကျန်းမာရေး ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်လေ့လာခြင်း(HIA) တို့ကို အစိုးရ နှင့် ကုမ္ပဏီများပူးပေါင်းပြီး ပြုလုပ်စေလိုသည် ဟုဒေသခံများက တောင်းဆိုကြသည်။

Leave a Comments

- Advertisement -spot_img

Latest article