Monday, July 22, 2024

တန့်ယန်းမြို့နယ်က ရွာသူကြီးတဦးပျောက် ရွာသား ၃ ယောက်အား လက်နက်ကိုင်အဖွဲ့ဖမ်းဆီးသွား

Must read

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်ရှိ မိုင်းဟပြည်သူ့စစ်မှ ရွာသား (၃) ဦးကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

တန့်ယန်းမြို့အ၀င်ဆိုင်းဘုတ်

ဒီဇင်ဘာ (၁၆) ရက်ညက တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု တတ်လျက် ရွာသား (၃) ဦး ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယနေ့ချိန်ထိ ပြန်လည် လွှတ်မြောက်လာခြင်း မရှိသေးကြောင်းသိရသည်။

“သူတို့ရွာမှာ ကျောက်မီးသွေးတူးဖို့အတွက် ကုမ္ပဏီ နဲ့ ပြည်သူ့စစ်တွေက ရွာကို ပြောင်းရွှေ့ခိုင်းတဲ့ ကိစ္စ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်လောက်က SSPP ဌာနချုပ်ကို သွားပြီး မရွှေ့ချင်တဲ့အကြောင်း အကူညီသွားတောင်းတယ်။အဲ့ဒါကို ပြည်သူ့စစ်တွေ သတင်းကြားတော့ ဒီလူတွေ ရွာပြန်ရောက်လာ တော့ သူတို့ကို လာဖမ်းသွားတယ်။” တန့်ယန်းဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မိုင်းဟပြည်သူ့စစ်မှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ (၃) ဦးမှာ လုံးစိုင်းနာလိန်၊ လုံးစိုင်းပီး (ဟိုယ) နှင့် စိုင်းစံလူ တို့ ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။

“ဖမ်းသွားတဲ့ ရွာသား (၃) ယောက်က မိုင်းဟပြည်သူ့စစ်ဌာနချုပ်မှာ ရှိထားတယ်လို့ကြားတယ်။ SSPP ဌာနချုပ်မှာ သွားရောက်တိုင်ကြားထားတဲ့ သူတွေကို သူတို့ကို သွားရောက်တွေ့ဆုံဖို့ ပြောထားတယ်။” ဟု အမည်မဖော်လို သူ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

တတ်လျက်ရွာတွင် အိမ်ခြေ (၇၀) ကျော်ရှိပြီး မပြောင်းရွှေ့သေးသည့် အိမ်ခြေ (၂၀) ခန့် ကျန်ခဲ့ကြောင်းသိရသည်။

“ရွာသား (၃) ယောက်ဖမ်းခံရတာတော့ ကြားသိရတယ်။ ဘယ်အဖွဲ့ဖမ်းသွားလည်းဆိုတာကိုတော့ ပြောလို့မရသေးဘူး။ကျနော်တို့လည်း ကွင်းဆင်းမစစ်ဆေးရသေးဘူး။ ကျနော်တို့က အခု မြောက်ပိုင်းရောက်နေတယ်။” ဟု ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဖိုးဟန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပြီးခဲ့သည့် မေလတွင် တတ်လျက်ကျေးရွာရှိ ရွာအောက်ထိ ကျောက်မီးသွေး တူးနေမှုကြောင့် ကျေးရွာအတွင်း အက်ကြောင်းများ ဖြစ်ပေါ်နေရာ ကျေးရွာတစ်ခုလုံး ကျွံကျမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

Photo Tangyan Youth – တန့်ယန်းတွင် ကျောက်မီးသွေးတူးဖော်မှုကြောင့် နေအိမ်၀င်းအထိ မြေအက်ကြောင်းများဖြစ်ပေါ်

တတ်လျက်ကျေးရွာသည် တန့်ယန်းမြို့ အနောက်တောင်ဘက် ၉ မိုင်အကွာ နားဟုတ်အုပ်စုအ တွင်းပါ၀င်ပါသည်။ ထိုဖြစ်စဉ်ကို ဝိုင်းဝန်းဖြေရှင်းပေးရန် ရွာသူ ရွာသားများ စုပေါင်းပြီး လွှတ်တော် အမတ်များထံ စာရေးအကူညီတောင်းခံခဲ့ဖူးကြောင်းလည်း သိရသည်။

တန့်ယန်းမြို့နယ်အတွင်းတွင် ကျောက်မီးသွေး ကုမ္ပဏီ၊ ရာဘာကုမ္ပဏီများ မှ ရပ်ရွာ လယ်ယာမြေ များ အား လိုက်လံဝယ်ယူပြီး ဒေသခံများ၏ စိုက်ပျိုးမွေးမြူရေးအတွက် သောက်သုံးရေ ရေထွက်ဦးများ ထိခိုက်ပျက်စီးစေမည့် စီမံကိန်းများ ၁၀ စု နှစ်ချီ ရှိလာနေသည်ဟု ရွာသားများကပြောသည်။ ယခု ကျောက်မီးသွေးတူးဖော်နေသည့် ကုမ္ပဏီလည်း ဗိုလ်ချုပ်ခင်ညွှန့်လက်ထက် စစ်အစိုးရခေတ် ၂၀၀၀ ပြည့်နှစ်ကတည်းက ဝင်ရောက်လာသည့် ကုမ္ပဏီများ ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article