Thursday, May 2, 2024

တောင်ကြီးတက္ကသိုလ် အမျိုးသမီးအဆောင်တွင် Quarantine ဝင်သည့် အမျိုးသမီး အဓမ္မပြုကျင့်ခံရ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးတက္ကသိုလ် တွင် Quarantine Center ဝင်နေသည့် အသက် ၃၃နှစ် အရွယ် အမျိုးသမီးတဦး ယမန်နေ့ (နိုဝင်ဘာ ၂၉ ) ည ၈နာရီခွဲ၌ အဓမ္မပြုကျင့်ခံရကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ တောင်ကြီးမြို့ ကျောင်းကြီးစုရပ် တောင်ကြီး တက္ကသိုလ်ဝန်းရှိ နန်းဝတီ အမျိုးသမီးဆောင် Quarantine Center တွင် ယမန်နေ့ ည ၈နာရီခွဲ တွင် အသက် (၃၃) အရွယ် အမျိုးသမီး ဘုရားရှိခိုးနေစဉ် အမည်မသိ အမျိုးသားတဦးက ဝင်လာပြီး ဓားဖြင့်ထောက်ကာ အဓမ္မပြုကျင့်ခဲ့သည်။


“ တရားခံကိုတော့ မသိသေးဘူး။ စစ်ဆေးနေပါတယ်။ ကျူးလွန်တဲ့အမျိုးသမီးကိုတော့ အမျိုးသမီးနဲ့ကလေး ဆေးရုံ သီးသန့်ဆောင်မှာထားပါတယ်။ အမှုဖွင့်ထားပါတယ်။ ဓားထောက်ပြီး ခြိမ်းခြောက်တယ်လို့ ထွက်ဆိုထားပါတယ်” ဟု တောင်ကြီး မြို့မရဲစခန်းတွင် တာဝန်ကျ ရဲတပ်သားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်း ကျူးလွန်ခံရသည့် အမျိုးသမီးသည် နိုဝင်ဘာ (၂၉ )ရက် ည၇နာရီတွင် မြဝတီ နယ်စပ် တွင် အလုပ်လုပ်ကိုင်ပြီး တောင်ကြီးမြို့ Quarantine Center သို့ နာရီပိုင်းအတွင်းရောက်ရှိလာကာ အတင်းအဓမ္မပြုကျင့်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ Quarantine Centerမှာတောင် အဓမ္မပြုကျင့်ခံရတယ်ဆိုတော့ ဒါက ကြားလို့မကောင်းတဲ့အရာပါ။ အမျိုးသမီးတွေ ဘဝက ဘယ်နေရာမဆို မလုံခြုံတဲ့သဘောပဲ။ သက်ဆိုင်ရာ အနေနဲ့ အမြန်ဆုံး တရားခံကို မိဖို့နဲ့ Quarantine ဝင်တဲ့အမျိုးသမီးတွေရဲ့ လုံခြုံရေးကိုထည့်သွင်း စဉ်းစားပေးဖို့လိုပါတယ်” ဟု တောင်ကြီးဒေသခံအမျိုးသမီး နန်းနန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာလအတွင်း Quarantine ဝင်နေသည့် အမျိုးသမီး အဓမ္မပြုကျင့်ခံရမှုသည် ပထမဆုံးအကြိမ်ကြားရခြင်း ဖြစ်ပြီး၊ အမျိုးသမီးများ၏ လုံခြုံရေး ကို သက်ဆိုင်ရာမှ အမြန်ဆုံးဖြေရှင်းကာ ဆောင်ရွက်သင့်ကြောင်း နန်းနန်း က ပြောသည်။

လက်ရှိမှာ အသက် (၃၃)နှစ်အရွယ် အမျိုးသမီးကို အတင်းအဓမ္မပြုကျင့်သည့် အမည်မသိ အမျိုးသားကို လိုက်လံရှာဖွေနေကြပြီး၊ ထိုအမျိုးသားကို ရာဇာသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် တောင်ကြီး အမှတ်(၁) မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article