၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများကို အမြန်ကျင်းပရန် တပ်မှ ညှိနှိုင်းနေဟုဆို

0

သျှမ်းပြည် မိုင်းကိုင်မြို့နယ် အတွင်း ကြားဖြတ်ရွေးကောက်ပွဲ အမြန်ကျင်းပနိုင်ရန် အတွက် သက်ဆိုင်ရာအဖွဲ့အစည်းကို ညှိနှိုင်း နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က ထုတ်ပြန်ကြေညာခဲ့သည်။

နမ့်လန် ကောင်းလန်းရွာမဲရုံအမှတ် ၇

နိုဝင်ဘာ ၁၂ ရက် ယမန်နေ့က ထုတ်ပြန်သောအဆိုပါကြေငြာချက်တွင် တပ်မတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ပြုလုပ်ရန် ပယ်ဖျက်ခံထားရသည့်နေရာများတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည် ဟု ထည့်သွင်းရေးသားထားသည်။

ထိုနည်းတူ ယမန်နေ့က ရက္ခိုင် အမျိုးသား အဖွဲ့ချုပ်၊ ရက္ခိုင်တပ်မတော်(AA) မှလည်း ရခိုင်ပြည်အတွင်းရှိ ရွေးကောက်ပွဲ မကျင်းပရသေးသည့် မြို့နယ်များ၌ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၃၁) ရက် မတိုင်မီ အတောအတွင်း ကျင်းပနိုင်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရနှင့် မြန်မာ့တပ်မတော်တို့အား မေတ္တာရပ်ခံတိုက်တွန်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

(AA) ထုတ်ပြန်ချက်ကို လည်း တပ်မတော်အနေဖြင့် ကြိုဆိုပါကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးထားသည်။

“ တပ်မတော်ဘက်က ကြေညာချက်ထုတ်တယ်။ ရွေးကောက်ပွဲလုပ်ဖို့။ ကော်မရှင် အနေနဲ့ကလည်း အလုပ်ရှုပ်နေသေးတယ်။ ကြားဖြတ်ရွေးကောက်ပွဲဖြစ်ဖို့က ကျနော်အနေနဲ့သိပ်မထင်ဘူး” ဟု သျှမ်းပြည် အမျိုးသားလွှတ်တော် အမှတ်(၇)တွင် အနိုင်ရထားသည့် စိုင်းထွန်းအေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ အရ လွှတ်တော်သက်တမ်း တနှစ် အတွင်း ကြားဖြတ်ရွေးကောက်ပွဲ မပြုလုပ်ရန် ကြေညာထားကြာင်း၊ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲသည် လွှတ်တော်သက်တမ်း ၂နှစ် အတွင်း သာဖြစ်လာနိုင်ကြောင်း လည်း စိုင်းထွန်းအေး က ဆိုသည်။

၂၀၁၅ ပါတီစုံရွေးကောက်ပွဲကလည်း သျှမ်းပြည် တောင်ပိုင်းကျေးသီး၊မိုင်းနောင် နှင့် မိုင်းရှူးတို့တွင် ရွေးကောက်ပွဲ ပယ်ဖျက်ခံထားရပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှသာ ပူးပေါင်းကျင်းပခဲ့ရသည်။

Leave a Comments

SHARE