နိုဝင်ဘာ (၈) ရက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပြီးနောက် အစိုးရ တပ်မတော်သည် သျှမ်းပြည်တောင်ပိုင်းရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် ( RCSS/SSA)လှုပ်ရှားရာ နယ်မြေသို့ စစ်အင်အားဖြည့် လှုပ်ရှားနေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်တောင်ပိုင်း ပင်လုံ၊ နမ့်စန်၊ လင်းခေး၊ ကျိုင်းတောင်း ဒေသများသို့ အစိုးရတပ်မတော် စစ်အင်အား ဖြည့်ဆည်းနေသည့်အပေါ် ပြည်သူများစိုးရိမ်နေကြောင်း လည်း RCSS/SSA သတင်းဝက်ဆိုဒ်ဖြစ်သည့် Tai Freedom တွင် ရေးသားထားသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စဝ်အုမ်ခေး က “ သတင်းကိုတော့ ကျနော်တို့ကြားနေရတယ်။ ဒါပေမယ့် သတင်းအချက်အလက် အသေးစိတ်တော့ ကျနော်တို့မသိရှိရသေးဘူး” ဟု သျှမ်းသံတော်ဆင့်ကိုပြောသည်။
လက်ရှိအခြေအနေ တွင် တိုက်ပွဲမဖြစ်ပွားသော်လည်း ဒေသခံ ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း လည်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက် ကလည်း လင်းခေးခရိုင်တွင် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ မိုင်းပန်မြို့နယ်သို့ မဲရုံဝန်ထမ်းနှင့် မဲရုံ ပစ္စည်းများ သွားပို့ဆောင်ပြီး အပြန်လမ်းတွင် RCSS/SSA မှ အဆိုပါယာဉ်ကို ပစ်ခတ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး နှင့်အရာရှိ တို့ကျည်ဆံထိမှန်ဒဏ်ရာရခဲ့သည်။
RCSS/SSA သည် တနိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးသဘောတူညီစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် အဖွဲ့တဖွဲ့ဲဖြစ်ပြီး၊ NCA လက်မှတ်ရေးထိုးခဲ့သည်မှာ (၅)နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
တဖက်တွင်လည်းအစိုးရတပ်မတော်သည် ယခုနိုဝင်ဘာလကုန်အထိ တဖက်သတ်အပစ်ရပ်ထားကြောင်းကြေငြာထားသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပပြီးစီးသွားပြီး လက်ရှိအချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မှ သောင်ပြို ကမ်းပြိုနိုင်နေကာ တချို့ နေရာများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ပုံစံ (၁၉ ) လက်မှတ်များ မထိုးသေးကြောင်း နှင့် သျှမ်းပြည်တချို့နေရာများတွင် လည်း ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး တရားမျှတမှု မရှိကြောင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူများက ပြောဆိုလိုက်သည်။











Leave a Comments