အသက် ၆၀ နှစ်အထက် ကြိုတင်မဲစတင်ပေး

0

သျှမ်းပြည်အတွင်းရှိ အသက် ၆၀နှစ် အထက် သက်ကြီးရွယ်အိုများအား နိုဝင်ဘာ ၈ရက် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲများ စတင်ပေးနေကြောင်း သိရသည်။

အောက်တိုဘာလ ၂၉ ရက် ယနေ့ကစပြီး ကြိုတင်မဲများကို နိုဝင်ဘာ ၅ ရက်နေ့ထိ မနက် ၈ နာရီမှ ညနေ ၆ နာရီ အထိ ကောက်ခံသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့ ရေအေးကွင်း ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးကျော်မြင့် က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဒီနေ့တော့ ကျနော်တို့ ရုံးချိန်ပါဘဲ။ မနက် ၈ နာရီ ကနေ ညနေ ၆ နာရီထိတော့ ဖြစ်သွားနိင်တယ်။ မဲပုံးအားလုံးကို ကျနော်တို့က မဲရုံမှူး ထံ အပ်ရမယ်။ ဒါတွေအားလုံး သေချာအောင် တိတ်တွေပိတ်ထားပါတယ်” ဟု ရပ်ကွက်ကော်မရှင် ဥက္ကဌ ဦးကျော်မြင့် ပြောသည်။

ယနေ့ ကြိုတင်မဲပေးရာတွင် ကျန်းမားရေးနှင့် အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် စည်းကမ်းချက် အတိုင်း လက်ဆေးခြင်း၊ Mask(နှာခေါင်းစည်း)တပ်ဆင်ခြင်းနှင့် လူစုလူဝေး မဖြစ်အောင် စီစဉ်ရကြောင်း ဦးကျော်မြင့်က ဆိုသည်။

ရေအေးကွင်း မဲရုံသို့ကြိုတင်မဲလာထည့်သည် အသက် ၆၄ နှစ် ဦးစောထွန်းစန်းက “ အခက်ခဲတွေတော့မရှိပါဘူး။ မဲစာရွက်တွေလည်း အဆင်ပြေပါတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

နိုင်ငံတော်အပေါ်သစ္စာရှိပြီး ပြည်သူများအပေါ် အလုပ်လုပ်ပေးနိုင်သည့်သူ၊ နိုင်ငံရေးပိုင်းတွင်လည်း သေချာ လုပ်ပေးနိုင်သည့် ပုဂ္ဂိုလ်များကို ထောက်ခံ မဲပေးသွားမှာဖြစ်ကြောင်း ဦးစောထွန်းစန်း က ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်ကာလ မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းမှာ တနေ့ထက်တနေ့မြင့်တက်နေပါသည်။

ထို့ကြောင့် သက်ကြီးရွယ်အိုများအတွက် ကြိုတင်မဲပေးခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်သော်လည်း ကြိုတင်မဲသည် အလိမ်အညာမဲဖြစ်မည်ကိုစိုးရိမ်သဖြင့် တောင်ကြီးမြို့ မှ အသက် ၆၀ နှစ် အထက် သက်ကြီးရွယ်အိုများက မဲမပေးချင်ကြကြောင်း သိရသည်။

“ ကျမတို့ရပ်ကွက်ကတော့ တချို့ အဖွားတွေကတော့ ကြိုတင်မဲမပေးချင်ကြဘူး။ ဘာလိုလဲဆိုရင် သူတို့က ကြိုတင်မဲဆိုရင် အလိမ်အညာမဲ များတယ်လို့ထင်နေကြတာ။ နိုဝင်ဘာ ၈ ရက်မှ ပေးကြမယ်လို့ပြောနေကြတယ်” ဟု ရှမ်းတိုင်းရင်သားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ မှ တောင်ကြီးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းဖူးတစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ၉ ရက်သာ ကျန်တော့ကြောင်း၊ ရွေးကောက်ပွဲရက်တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရ လူ ၃၀ ဦး အထက် ပိုပြီး စုဝေးခြင်း ကို ခွင့်ပြုထားကြောင်း သိရသည်။

Leave a Comments

SHARE