Tuesday, January 27, 2026

စစ်အစိုးရလက်ထက် က သျှမ်းဘာသာဖြင့် ရုပ်သံမှာ သတင်းကြေညာသူ(သို့) ပြည်သူ့ပြဿနာကို ရှေ့ထွက် ဖြေရှင်းပေးချင်သူ နန်းဆာဥ

စစ်အစိုးရ လက်ထက် က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက သျှမ်းဘာသာစကားနဲ့ သျှမ်းလူမျိုးတွေ အတွက် သတင်းတင်ဆက်ပေးခဲ့တဲ့ သူတဦးကို မှတ်မိကြမယ်ထင်ပါတယ်။

ည (၈)နာရီ သတင်းကြေညာမှု အပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး သီချင်းကို ရုပ်မြင်သံကြားမှာ သျှမ်းဘာသာဖြင့် သီဆိုပေးခဲ့တဲ့ နန်းဆာဥ ကို သျှမ်းလူမျိုးတွေ သာမက မြန်မာလူမျိုးအသိုင်းအဝန်းမှာ ချစ်စရာဟန်ပန်နဲ့ ထင်ပေါ်ခဲ့ပါတယ်။

လက်ရှိမှာတော့သူမ ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)ပါတီ ကိုယ်စားပြုပြီး ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည် အရှေ့ပိုင်းတာချီလိတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

“ ကျမ က ပြည်သူတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကို ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ပေးပြီး ဖြေရှင်းပေးချင်တဲ့အတွက် နိုင်ငံရေးဘက်ကို ခြေလှမ်းလှည့်လာခဲ့တာပါ” လို့ နန်းဆာဥ က ဆိုပါတယ်။

သူမ ဝင်ရောက်ယှဉ်ပြိုင်တဲ့ သျှမ်းရှေ့ မှာဆိုရင် ပြဿနာတွေ၊ ဥပဒေမဲ့မှုတွေ ရှုပ်ထွေးမှုပေါင်းများစွာရှိပြီး ထိုပြဿနာတွေကို ပြည်သူရဲ့ရှေ့တန်းကနေ ရပ်တည် ဖြေရှင်းပေးချင်တယ်လို့ ပြတ်သားစွာ ပြောဆိုလိုက်ပါတယ်။

နန်းဆာဥ ဟာ တက္ကသိုလ်ဝင်တန်းအောင်ပြီးကတည်းက အစိုးရအဖွဲ့အစည်းအောက်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးမှာ အငယ်တန်းစာရေး အနေနဲ့ အလုပ်လုပ်ကိုင်ခဲ့သူတဦးဖြစ်ပါတယ်။

ထိုမှ တစ်ဆင့် အစိုးရပိုင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဌာနမှာ သျှမ်းဘာသာ ရေဒီယိုအသံလွှင့် အစီအစဉ် တင်ဆက်သူ အဖြစ်လည်း တာဝန်ထမ်းဆောင်ပြီး အစိုးရဝန်ထမ်းမှာ လုပ်သက် ၁၆နှစ် ရှိခဲ့သူ တဦးလည်းဖြစ်ပါတယ်။

သူမ ဟာ အစိုးရ အလုပ်မှ ရပ်နားလိုက်ပြီး သျှမ်းပြည် လူထု အကျိုးအတွက် လူမှုအဖွဲ့အစည်းထဲကနေပြီး လယ်ယာမြေအရေး၊ ရွှေ့ပြောင်းအလုပ်သမားအရေး တွေကို တက်ကြွစွာ ဆောင်ရွက်ခဲ့သူတဦးလည်းဖြစ်ပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသ တလျှောက် ခေတ်အဆက်ဆက် အမြစ်မပြတ်နိုင်သေးတဲ့ လူကုန်ကူးမှု တားဆီးရေး ကိစ္စမှာလည်း စိတ်အားတက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်ပြီး၊ သျှမ်းရှေ့ ကျေးလက်ပြည်သူတွေကို လူကုန်ကူးမှု ဆိုင်ရာ အသိပညာပေးမှုတွေ၊ အမျိုးသမီးကျန်းမာရေး တွေကို ဝေမျှပေးနေတဲ့ နန်းဆာဥ အသွင်ဖြင့် ဆက်လက်ပြီး ပြည်သူအကျိုးကို ဆောင်ရွက်နေပါတယ်။

“လူမှုအဖွဲ့အစည်းအနေနဲ့ဆိုလို့ရှိရင် လုပ်ငန်းလုပ်ဆောင်တဲ့နေရာမှာ လူထုကို နောက်တန်းကနေ ပံ့ပိုးရတဲ့ အနေအထား ပဲ လုပ်ဆောင်လို့ရတယ်။ လူထုပြဿနာကို ရှေ့တန်းကနေ ဆောင်ရွက်ချင်လို့ ကိုယ်စားလှယ်ဝင်ပြိုင်ရတာပါ” လို့ နန်းဆာဥ က ရွေးကောက်ပွဲဝင်ပြိုင်ရတဲ့ အကြောင်း ရှင်းပြလာပါတယ်။

သူမ ဝင်ရောက်ယှဉ်ပြိုင်မယ့် နေရာက မြန်မာ-ထိုင်းနယ်စပ် ဖြစ်တဲ့အတွက် လူမျိုးစုံ၊ ကဏ္ဍစုံ ဝင်၊ထွက် သွားလာတဲ့ နေရပ်ဒေသတ ခုလည်းဖြစ်ပြီး ဥပဒေနဲ့အညီ မဟုတ်ဘဲ အိမ်နီးချင်း ထိုင်း ၊လာအိုဘက်ကို သွားရောက် အလုပ်လုပ်ပြီးပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမား များစွာရဲ့ ဒုက္ခတွေကိုလည်း နေ့တဓူဝ ဖြေရှင်းပေးနေ ပါတယ်။

သျှမ်းရှေ့ ပြဿနာ များစွာထဲက အကြီးမားဆုံးပြဿနာ နောက်တခုကတော့ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ ဓာတ်သတ္တုတူးဖော်မှုတွေ၊ ကျောက်မီးသွေး တူးဖော်မှုတွေကြောင့် ကျေးရွာပေါင်းရဲ့ လယ်ယာမြေ ပျက်စီးမှုတွေ တောတောင်သဘာဝ သယံဇာတ ပျက်စီးမှုတွေကြောင့် ယခင်မကြုံဖူးတဲ့ ရေကြီးမှုပြဿနာဟာလည်း လွှတ်တော်အမတ်လောင်းနန်းဆာဥ အတွက် စိန်ခေါ်မှုတခုပါပဲ။

လမ်းပန်းဆက်သွယ်မှု ခက်ခဲကြမ်းတမ်းပြီး၊ ယခင်ခေတ်ကာလ မှာ ကားလမ်းသွားရခက်ခဲမှု၊ လူသူ စိတ်ဝင်စားမှုနည်းပါးတဲ့ သျှမ်း/အရှေ့ ရဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ သတ္တုတူးဖော်မှုတွေ ဟာ အံ့မခန်းဖြစ်လာပြီး သတ္တုတူးဖော်မှုကို တားဆီးတဲ့ သျှမ်းတောင်သူလယ်သမားတွေ အသက်ပေးဆပ်ခဲ့ရသည်အထိရှိခဲ့ပေမယ့် သတ္တုတူးဖော်မှုက ရပ်တန့်မသွားဘဲ ကနေ့အထိ ဆက်လက်တူးဖော်နေဆဲပါ။

“သတ္တုတူးဖော်လို့ ထွက်လာတဲ့ မြေစာပုံတွေ ကြောင့် သူတို့ရဲ့ လယ်ယာမြေတွေ ရေလွှမ်းမိုးတာတွေ ဖြစ်လာတယ်။ သတ္တုတူးဖော်မှုကြောင့် ပြည်သူတွေရဲ့ လယ်ယာမြေတွေ ထိခိုက်နစ်နာဆုံးရှုံးတာတွေကိုတွေ့ရတယ်” – လို့ နန်းဆာဥ က စိတ်မကောင်းစွာဖြင့် ပြောပါတယ်။

သူမ ဝင်ရောက်ယှဉ်ပြိုင်တဲ့မဲဆန္ဒနယ်မှာလည်း သတ္တုတူးဖော်မှု ကိစ္စဟာ အလွန်များနေတဲ့နေရာဖြစ်ပြီး၊ သတ္တုတူးဖော်မှုကြောင့် စိုက်ပျိုးရေးမလုပ်ကိုင်နိုင် ရှာဖွေ စားသောက်မှု မရနိုင်တဲ့ကျေးရွာတွေ များစွာရှိကြောင်းလည်း နန်းဆာဥ က ဆိုပြန်ပါတယ်။

ဓာတ်သတ္တုတူးဖော်တဲ့ကိစ္စ၊ သယံဇာတ ထုတ်ယူသုံးစွဲတဲ့ကိစ္စတွေ စီမံကိန်းတွေဟာ အစိုးရ ဌာနရဲ့ ခွင့်ပြုချက် စာချုပ်စာတမ်းပါမှသာလျှင် လုပ်ကိုင်လို့ရတဲ့ လုပ်ငန်းဖြစ်ပြီး၊ စီမံကိန်းဖော်ဆောင်ရာမှာ ပြည်သူလူထု ထိခိုက်မှုနည်းအောင် လုပ်ဆောင်သင့်တယ်လို့လည်း သူမ က ထောက်ပြပြောဆိုလိုက်ပါတယ်။

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ နန်းဆာဥ အနေဖြင့် အနိုင်ရခဲ့မယ်ဆိုရင် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေပြီး၊ အမျိုးသမီးငယ်တွေ လူငယ်ကုန်းခံရမှုများတဲ့နယ်မြေအတွက် လွှတ်တော်ထဲမှာ အမျိုးသမီးနှင့် သက်ဆိုင်တဲ့ အခွင့်အရေး၊ ကလေးသူငယ် နဲ့ ပတ်သက်တဲ့ အခွင့်အရေး ကိစ္စ၊ ကျေးလက်နေ ပြည်သူ လူထုရဲ့ ရသင့်ရထိုက် တဲ့ အခွင့်အရေး တွေကို ဆောင်ရွက်ပေးချင်ကြောင်း သူမ ကချပြလိုက်ပါတယ်။

နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးမည့် ပြည်သူများ အနေဖြင့် မိမိတို့အတွက် ကိုယ်စားပြုမယ့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ဖို့ အရေးကြီးကြောင်းလည်း နန်းဆာဥ က ပြောပါတယ်။

လူမျိုးပေါင်းစုံ၊ ဌာနေ ဒေသ ပြည်သူများစွာနေထိုင် လုပ်ကိုင်စားသောက်နေတဲ့ တာချီလိတ်ပြည်သူများအနေနဲ့ နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲနေ့မှာ မိမိတို့အတွက် ကိုယ်စားပြုပေးမယ့် ကိုယ်စားလှယ်တွေ၊ ပြည်သူတွေကို အလုပ်အကျွေးပြုမယ့် ကိုယ်စားလှယ်လောင်းတွေကို ကောင်းမွန်စွာမဲပေးနိုင်ရပါစေလို့ လည်း နန်းဆာဥ က ဆုမွန်တောင်းလိုက်ပါတယ်။

သူမအနေနဲ့ကတော့ တာချီလိတ်ပြည်သူလူထုရှေ့ မားမားမတ်မတ်ရပ်တည်ကာ ဒေသ ပြဿနာတွေ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေကို ဖြေရှင်းသွားဖို့အတွက် သူမကို မဲပေးကြရန်လည်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

SNLD ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ရန် ကိစ္စ ဆွေးနွေးမှုပြုလုပ်နေ

0
သျှမ်းလူထုထောက်ခံမှုအများဆုံးရသည့် ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ မှတ်ပုံပြန်တင်ရန်၊ မတင်ရန် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီလက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ယခုရက်ပိုင်းတွင် လူမျိုးစုများဘက်မှ နိုင်ငံရေးပါတီများအဖြစ် ထပ်မံဖွဲ့စည်းခဲ့ကြပြီး ရွေးကောက်ပွဲ...

အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း

0
ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့်...

SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်ကွယ်လွန်

0
ရှမ်းတိုင်းရင်းသားများ ဒီမီကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) ၏ အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင် ယနေ့ (မေလ ၁၇) ရက် နံနက်အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။ SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်သည် လူကြီးရောဂါဖြင့် နေအိမ်တွင်ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း SNLD ရုံးအဖွဲ့မှူး...