Tuesday, April 23, 2024

ပဋိပက္ခတွေကြားက မူးယစ်ဆေးဝါးပြဿနာ ကို ဖြေရှင်းချင်ပါတယ်

Must read

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းကို နှစ်ပေါင်း ၃၀ နီးပါး လုပ်ဆောင်လာခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း၊ ကျောက်မဲမြို့နယ် ဇိဝိတ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင်မောင်သိန်း ဟာ ယခုနှစ် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်းအနေနဲ့ ကျောက်မဲမြို့ ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

စိုက်ပျိုးရေး ကျောင်းဆင်းတဲ့ ဆရာ ဦးတင်မောင်သိန်း ၊ပရဟိတ အများအကျိုးအတွက်အစဉ်တစိုက်ဆောင်ရွက်သူ တယောက် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့တဲ့နေရာ၊ စစ်ပဋိပက္ခ အမြဲတမ်းဖြစ်ပွားတဲ့နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့အပေါ် ဘယ်လို အခက်အခဲ စိန်ခေါ်မှုတွေရှိနေပါသလဲ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်ကော ဘယ်လိုပါဝင်ဆောင်ရွက်ဖို့ ပြင်ဆင်ထားပါသလဲ။ ဦးတင်မောင်သိန်း ကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်နွမ် က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ လက်ရှိ ရွေးကောက်ပွဲ ဝင်ရတဲ့ အကြောင်းရင်းကို ပြောပြပေးပါ။

ဖြေ။ ။ ကျနော့ အနေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်ခဲ့တယ်။ အရင်က NLD ကနေ တစိုက်မတ်မတ်လုပ်ခဲ့တယ်။ ၂၀၁၅ မှာ တော့ ကျနော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပါတယ်။ အဲ့မှာ ကျနော်တို့မနိုင်ခဲ့ပါဘူး။ SNLD က နိုင်ပါတယ်။ 2020 အနေအထားအရ ကျနော်တို့နိုင်ငံရေး ဝင်လုပ်နိုင်ပါသေးတယ်။

လူငယ်တွေ ကို ဝင်ပြီးနေရာယူစေချင်တယ်။ ကျနော်အနေနဲ့ မဝင်တော့ဘူးလို့ နေခဲ့တယ်။ ဒါပေမယ့် ဖြစ်လာတဲ့အနေအထားရဒီနှစ်မှာ ကျောက်မဲနယ်က ၆ပါတီ ဝင်ပြိုင်တယ်။ အဲ့ပါတီ တွေမှာ UDP ပါတီ တိုးလာပါတယ်။

ကျနော် ၂၀၂၀ မှာ ၆ပါတီ မှာ လျာတဲ့ သူတွေ ကို ကျနော် အနေနဲ့ သုံးသပ်လိုက်တဲ့အခါမှာ ကျနော်က ဘယ်လိုပဲပြောပြော ကိုယ်ဒေသအတွက် ကျနော် ပိုပြီး အလုပ်လုပ်နိုင်တယ်လို့ ကျနော်ယူဆတယ်။

အရေးအကြီးဆုံး အချက်က အမျိုးသား အန္တရာယ်ဖြစ်တဲ့ မူးယစ်ဆေးဝါး ကိစ္စဖြစ်တယ်။ မူးယစ်ဆေးဝါး ကိစ္စ ဟာ ကျနော်ဒေသမှာ ကျနော်လုပ်နေတာ ကြာပြီ မူးယစ်ဆေးဝါးကိစ္စ က ၁၉၉၄ ခုနစ် ကတည်း လုပ်ခဲ့တယ် သို့သော်လည်းပဲ အခြားဒေသ ပါတီ အသီးသီးရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လက်လှမ်းမီသလောက် ကျနော်ကြည့်ပါတယ်။

ရွေးကောက်ပွဲ ဝင်ရတဲ့ ရည်ရွယ်ချက်တွေမှာလည်း မူးယစ်ဆေးဝါး ပါတာ ကျနော်မတွေ့သေးဘူး။ ကျနော်ဒေသမဟုတ်ဘဲနဲ့တနိုင်ငံလုံး လွှမ်းခြုံပြီးတော့ အမျိုးသား အန္တရာယ်ကို ဘယ်လို လုပ်ကြမလဲဆိုတာ ကိုပြီးခဲ့တဲ့ သက်တမ်းမှာလည်း စာရွက်ပေါ်မှာပဲတွေ့ရတယ်။

ဒါကို ကျနော်တို့ဘယ်လို တိုက်ဖျက်ရမလဲ။ ဒါကို ကျနော်တို့ ဘယ်လို လျော့ချအောင်လုပ်မလဲ။ ဆိုတာ မေးခွန်းမေးစရာဖြစ်လာတယ်။

ဒေသဖွံ့ဖြိုးရေး က ဘာလုပ်မယ် ညာလုပ်မယ်။ ဘယ်လို ကြိုးစားမယ်။ဆိုတာ က ယေဘုယျဆန်တယ်။ ဒါလည်း လုပ်ရမယ့် အပိုင်းပါ။

မူးယစ်ဆေးဝါး လုပ်ဖို့ က အဖော်မရှိဘူးဖြစ်နေတယ်။ မြန်မာပြည်မှာ လွှတ်တော် ထဲမှာ အဖော် မရှိတဲ့သဘောဖြစ်မယ်။ ဒါက နိုင်ငံတော ်မူဝါဒနဲ့ ဆိုင်မယ်ထင်တယ်။ ဒါတွေကို အားပေးဖို့လိုပါတယ်။ ဒီကိစ္စလည်း ပါတယ် ကျနော်ရွေးကောက်ပွဲဝင်တာ။

ငြိမ်းချမ်းရေး ဆွေးနွေးပြီး ငြိမ်းချမ်ေးရး တည်ဆောက်နေကြတယ်။ ၂၁ ပင်လုံ ဆိုပြီး လုပ်ကြတယ်။ ဒါကို ကျနော် ဝမ်းသာ အားရကြိုဆိုပါတယ်။ သို့သော် ကျနော်နေတဲ့ ဒေသမှာ နီးစပ်ဒေသမှာ အပါအဝင် မငြိမ်းချမ်းဘူး။ လက်နက်ကိုင် အဖွဲ့တွေ ရှိတယ်။စစ်ဘေးကြောင့် လူတွေ ဒုက္ခရောက်ကြတယ်။ စစ်ဘေးရှောင်ရတယ်။ မိုင်းတွေ ထိတယ်။ လူတွေ သတ်ဖြတ်ခံရတယ်ဒါတွေ ကစိတ်ချမ်း မသာစရာတွေပါ။

ဒီထက်ပိုပြီး ခရီးရောက်စေချင်တယ်။ မိုင်းထိတဲ့လူနာတွေကို တောထဲက နေ ဆွဲထုတ်လာတယ်။ သူတို့ဒဏ်ရာတွေကို ကြည့်ပြီး စိတ်မချမ်းသာဖြစ်ရတယ်။ အဲ့ဒါတွေကို ပိုပြီးမြင်ရတဲ့အခါ တခြားဒေသထက် သူတို့ ခံစားချက်နဲ့ ကျနော် တူမှာ မဟုတ်ဘူး။ ဒါကြောင့် ငြိမ်းချမ်းရေး ကိစ္စမှာ တဖက်တလမ်းကနေ ဘာတွေလုပ်နိုင်မလဲ။ ကိုယ့်ဒေသမှာ ဘာလုပ်နိုင်လဲ ဆိုပြီးဆန္ဒရှိတဲ့အတွက် ရွေးကောက်ပွဲ ဝင်ရခြင်းဖြစ်ပါတယ်။

မေး။ ။ အရင်က NLD ကနေ ဝင်ပြိုင်ရာကနေ အခု ကျတော့ ဘာကြောင့် တသီး ပုဂ္ဂလ အနေနဲ့ ဝင်ပြိုင်ရတာလဲ။

ဖြေ။ ။ ကျနော် ခုနကပြောသလိုပါပဲ။ လူငယ် ခြေသွက် တွေကို ကျနော်တို့ လိုချင်ပါတယ်။ ဘယ်ပါတီပဲဖြစ်ဖြစ် အကောင်းဆုံးလူကို ရွေးထုတ်တာပဲကောင်းပါတယ်။ NLD အနေနဲ့ ဘယ်လို အရည်အချင်းနဲ့ ရွေးချယ်လဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပြီ။

ရွေးချယ် လိုက်တဲ့သူတွေ က ဘယ်စံချိန် စံညွှန်းနဲ့ ရွေးလိုက်တာလဲဆိုတာ ကျနော်သိချင်လာပြီ။ တကယ်တမ်းအရွေးခံရရင် သူတို့ထက် ကျနော် ပိုလုပ်နိုင်မယ်လို့ယုံကြည် လို့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ကျနော် ဆုံးဖြတ်လိုက်တာပါ။

မေး။ ။ မကြာခဏ ပစ်ခတ်မှုဖြစ်တဲ့ဒေသ တရားဥပဒေစိုးမိုးမှု မရှိသေးတဲ့ဒေသတခုလို့လည်းပြောလို့ရတယ်ပေါ့နော်။ အဲဒီဒေသမှာ စည်းရုံးရေးဆင်းတဲ့အခါ ဘယ်လိုအခက်အခဲတွေရှိပါသလဲ။

ဖြေ၊ ။ ဒီချိန်ကာလက ကိုဗစ်ကာလလည်းဖြစ်တယ်။ ကျနော်အပါအဝင် မည်သူမဆို ကန့်သတ်မှုတွေဖြစ်လာတယ်။ ဖြစ်လာတော့ နယ်မြေ တောတောင် ရွာတွေကို သွားဖို့ခက်တယ်။ ရွာကလူတွေက ပိုကြောက်တယ်။ ကျနော်တို့က ပိုစတာတွေ လက်ကမ်းစာစောင်တွေပဲ ဝေခဲ့ရတယ်။

မေး။ ။ အဲဒီဒေသမှာ လက်နက်ကိုင် ပေါင်းစုံရှိနေတဲ့အတွက်ပဋိပက္ခတွေကြား တရားမျှတရေးအတွက် ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲ။

ဖြေ။ ။ တကယ်တော့ ငြိမ်းချမ်းရေးပါပဲ။ နားလည်မှု ငြိမ်းချမ်းရေး ရရင်တော့ အဆင်ပြေပါတယ်။ သို့မဟုတ်ရင် ရွေးကောက်ပွဲ နေရာဒေသ အလိုက် အခက်အခဲတွေ မညီမျှမှုတွေ ရှိနေဦးမယ်။ အကြောက်တရားတွေက လွှမ်းမိုးနေကြတယ်လေ။

မေး။ ။ ဆရာက စိုက်ပျိုးရေးကျောင်းဆင်းဆိုတော့ ဒေသခံတောင်သူလယ်သမားတွေကို စိုက်ပျိုးရေးအပိုင်းမှာ ဘယ်ပုံဘယ်နည်းနဲ့မြင့်တင်ပေးမလဲဆိုတာကော အစီအစဉ်ရှိထားသလား။

ကျနော့်ရဲ့ မူလ အရင်းအမြစ်က စိုက်ပျိုးရေး နဲ့ ဘွဲ့ရတာပါ။ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့လည်း လုပ်ဖူးပါတယ်။ ဒီဒေသက တောင်သူတွေ အကြောင်းလည်း ကောင်းကောင်းသိထားပါတယ်။ မိရိုးဖလာစိုက်ပျိုးနည်း စနစ်က မတိုးတက်နိုင်တော့ဘူး။ ထွက်ကုန်နဲတယ်။ အရေအသွေးကျတယ် ။ ခိုင်မာတဲ့ ဈေးကွက်မရှိဘူး။

ဝင်ငွေ သီးနှံစိုက်ပျိုးဖို့လိုပါတယ်။ အဲ့ဒီအတွက် ကျနော့်မှာ အကြံဉာဏ် တွေ အများကြီးရှိပါတယ်။ အချိတ်အဆက်တွေလည်း ရှိပါတယ်။ ဒါကြောင့်ကျနော်တို့ လုပ်ပိုင်ခွင့်တွေ ပိုရလာမယ်လို့ယူဆပါတယ်။

ကိုယ့်ဒေသကို အခြေပြုပြီး သျှမ်းပြည် တခုလုံးအတွက် စိုက်ပျိုးရေး အကန့်မှာ သိသာ မြင်သာစွာ တိုးတက်လာအောင်ကျနော်တို့ဘယ်လောက် စွမ်းဆောင်နိုင်လဲဆိုတာ လုပ်ကိုင်မှပဲသိမှာပါ။

ကိုယ်တိုင်ကလည် းစိုက်ပျိုးရေး ကျောင်းဆင်း ဖြစ်တဲ့အတွက် ဒီကိစ္စက ရှိပြီးသားပါ။ လက်ရှိမှာလည်း ကျနော်က အလွတ်တန်း အကြံပေးမှုတွေ ပြုလုပ်နေပါတယ်။

မေး။ ။ မဲဆန္ဒရှင်တွေကို ဘယ်လို သတင်းစကားပါးချင်ပါသလဲ။

ဖြေ၊ ။ ၂၀၁၅ နဲ့စာရင် ၂၀၂၀ မှာတော့ ကျနော်တို့ ဒေသ နိုင်ငံရေး ရေချိန်က နည်းနည်းမြင့်လာတယ်။ သို့သော်လိုအပ်တဲ့အရည်အချင်းထိတော့ နိုင်ငံရေး ရေချိန်မမြင့်သေးပါဘူး။ ကျနော်တို့ဒေသက လူတွေကို သတင်းစကားပါးချင်တာက တကယ်အားကိုးရတဲ့သူ၊တကယ် ယုံကြည်စိတ်ချရတဲ့သူကို မဲပေးရွေးချယ်နိုင်ဖို့ဆိုတာက ကိုယ်မှာ နည်းနည်းလေး မျက်လုံးလေး ပွင့်လာတဲ့သဘောရှိတယ် နောက်မျိုးဆက်မှာတော့ အဲ့လို သဘောဆောင်အောင် ကျနော်တို့ ရွေးကောက်ပွဲ မဝင်နိုင်သည့်တိုင် ကျနော်တို့ က လှုံ့ဆော်ရမယ် ဒါနိုင်ငံရေးသမားပဲ။

ကျနော် ပရဟိတ လုပ်တာ နှစ် ၂၀ ၊ မူးယစ်ဆေးလုပ်ခဲ့တာ ၂၈ နှစ်ရှိပါပြီ။ ဒါပေမယ့် အဲ့ဒါတွေက ရွေးကောက်ပွဲ ဝင်ဖို့လုပ်ခဲ့တာ မဟုတ်ပါဘူး။

မေး။ ။ နောက်တပိုင်းက ဒီဒေသမှာ တိုင်းရင်းသားပေါင်းစုံနေထိုင်နေတော့ တိုင်းရင်းသား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ဘယ်လိုလုပ်ပေးမလဲ။

ဖြေ။ ။ အတွင်းကျကျပြောရရင် ငြိမ်းချမ်းရေး မရရင်မဖြစ်ဘူး။ငြိမ်းချမ်းရေး လိုနေတယ်။ဒီကိစ္စဟာ ဖြစ်ပျက်အားလုံးကို ခြုံပြီးပြောလိုက်တာပါပဲ။ ငြိမ်းချမ်းရေး ရချင်တယ်။ ငြိမ်းချမ်းရေး လိုချင်တယ်။ ဒါမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပါမယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ ငြိမ်းချမ်းရေး မရတဲ့အတွက် ပိုပြီးတော့ ဝေးကွာ/စိမ်းကားနေတယ်။ မငြိမ်းချမ်းတဲ့ဒေသမှာ နေတဲ့ ကျနော်တို့က ပိုသိကြတယ်။ အနေအထားကပိုသိကြတယ်။ ငြိမ်းချမ်းရေးတည်ဆောက်ပြီး ရင်ကြားစေ့ရေးလုပ်ဖို့လိုတယ်။ အစိုးရ ၊ တပ်မတော် ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကြား ရင်ကြားစေ့လိုသလို တိုင်းရင်းသားအချင်းချင်းကြားမှာလည်း ပြေလည်နေဖို့လိုတယ်။ ရင်ကြားစေ့ရေးအတွက် အမှန်တကယ်လိုအပ်နေပါတယ်။ ဒါမှ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ၊ ကိုယ်ပိုင်လွတ်လပ်ခွင့် ၊ ယဉ်ကျေးမှုတွေကို အချင်းချင်းက တန်ဖိုးထားလာမယ်။
ကျနော်အနေနဲ့ကတော့ တိကျပြောနိုင်တာကတော့ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒဆိုတာထက် ဖြစ်သင့်တဲ့အနေအထားအရ ကျနော်နယ်မှာ ရွေးကောက်ပွဲနိုင်မှ ဖြစ်မှာပါ။ အဓိကကတော့ ရွေးကောက်ပွဲ ကတိကဝတ်တွေထက် လုပ်နိုင်စွမ်း ဘယ်လောက်ရှိလဲ ဆိုတာပြန်ကြည့်ရမယ်။

ပရဟိတလုပ်ငန်း အမျိုးသားရေးလုပ်ငန်းတွေက ရွေးကောက်ပွဲမဝင်လည်း လုပ်နေကြတာပဲ။ နောက်ဆုံး ပြောချင်တာကတော့ ဒေသခံပြည်သူများက ကျနော့်ကို လွှတ်တော်ထဲ အရောက်ပို့မှသာလျှင် လူထုဖြစ်ချင်တဲ့ဆန္ဒကို ကျနော်ဖော်ဆောင်ပေးနိုင်မယ်လို့ကျနော်ယုံကြည်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article