တရုတ်ပြည် ရွှေလီတွင် မြန်မာနိုင်ငံသား (၂)ဦးထံ ကိုဗစ်တွေ့၊သွားလာခွင့်ပိတ်

0

မြန်မာ-တရုတ်နယ်စပ် ဖြစ်သည့် ရွှေလီမြို့တွင် မြန်မာနိုင်ငံသား (၂) ဦးထံ ကိုဗစ်-၁၉ တွေ့ရှိသဖြင့် ရွှေလီမြို့ကို ဝင်၊ထွက် ခွင့်ကို ယာယီ ပိတ်ထားကြောင်း သိရသည်။

Chan Myae/ Facebook

အဆိုပါ မြန်မာနိုင်ငံသား (၂)ဦးသည် စက်တင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံ မှ တရုတ်နိုင်ငံသို့ဝင်ရောက်ခဲ့သည့် သူ၂ဦးဖြစ်ပြီး၊ ထိုသူ (၂) ဦးကို ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာ စစ်ဆေးသည့်အခါ ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

“ ကျနော်တို့ ရွှေလီ ကိုတော့ lock down ချထားတယ်။ ဘယ်မှ ထွက်လို့မရ၊သွားလို့မရတော့ဘူး။ နောက် သူတို့က ရွှေလီမှာ ရှိတဲ့သူ အားလုံးကို swabယူပြီးစစ်ဆေးပေးနေတယ်” ဟု ရွှေလီတွင်ရောက်ရှိနေသည့် ကိုချမ်းမြေ့ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိမှာ ရွှေလီတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၂) ဦး ပေါ်ထွက်လာပြီးသည့်နောက် လုပ်ငန်းခွင်များ ရပ်နားခိုင်းထားခြင်း၊ အသွား၊ အလာကန့်သတ်ခြင်း တို့ပြုလုပ်နေကြောင်း ကိုချမ်းမြေ့ က ပြောပြသည်။

“ ကျနော်တို့ အခု တခန်းနဲ့တခန်းကူးတာ။ တရပ်ကွက်နဲ့ တရပ်ကွက် ကူးတာတွေ လုပ်လို့မရဘူး။ ဒီမှာတော့ ကိုဗစ်ထိန်းချုပ်တာ တော်တော် ကောင်းတယ်ပြောရမယ်” ဟု ကိုချမ်းမြေ့ ကဆိုသည်။

မြန်မာ-တရုတ်နယ်စပ် ရွှေလီကိုဝင်၊ထွက်သွားလာခွင့် ကို ယာယီ အားလုံးပိတ်ဆိုင်းလိုက်ပြီး၊လုပ်ငန်းခွင်များလည်း ရပ်နားထားကာ ကိုဗစ်-၁၉ စစ်ဆေးမှုကို စတင်ဆောင်ရွက်နေကြောင်း သိရသည်။

“ရွှေလီကို ဘယ်ကား၊ဘယ်ကုန်ကားမှ အဝင်မခံတော့ဘူး။ အဝင်၊အထွက်ပိတ်လိုက်တဲ့သဘောပါ။ နောက် ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ ခိုးပေါက်ကနေ မဝင်လာဖို့ ပြောချင်ပါတယ်” ဟု ရွှေလီတွင် အလုပ်လုပ်နေသည် ကိုရန်နိုင် က ပြောသည်။

တရုတ်နိုင်ငံရွှေလီ အတွင်းရောက်ရှိနေသည့် မြန်မာနိုင်ငံသားအားလုံး ကို တရုတ် အစိုးရက ကိုဗစ်-၁၉ ဆေးစစ်ချက် အခမဲ့ စစ်ဆေးပေးနေကြောင်း လည်း ကိုရန်နိုင်က ပြောပြသည်။

“ ဒီမှာက ကိုဗစ် သံသယ လူနာရှိကတည်းက အားလုံး Mask (နှာခေါင်းစည်း) တပ်ကြတယ်။ တရုတ်ကလည်း တော်တော်ထိန်းချုပ်တယ်။ မြန်မာပြည်က တရုတ်ကို ကိုဗစ်-၁၉ ထိန်းချုပ်တဲ့နေရာမှာ အတုယူစေချင်တယ်” ဟု ကိုရန်နိုင်က ဆိုသည်။

မြန်မာ-တရုတ်နယ်စပ် ဂျယ်ဂေါင်၊ ရွှေလီသို့ အလုပ်လာလုပ်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လက်ရှိအချိန်မှာ မလာသေးကြရန် နှင့် ခိုးပေါက်မှ မဝင်လာရန် လည်း ရွှေလီရောက် မြန်မာနိုင်ငံသားများက ပြောဆိုလိုက်သည်။

Leave a Comments

SHARE