သျှမ်းပြည် အမှိုက် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု ကောင်းမွန်ရန် လိုအပ်

0

သျှမ်းပြည်တွင်း အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန် နှင့် စွန့်ပစ် ပစ္စည်း စီမံခန့်ခွဲမှု ကောင်းမွန်စေရန်အတွက် သျှမ်းပြည် လွှတ်တော် တွင် အတည်ပြု ခဲ့သည်။

၎င်း အဆိုကို နမ္မတူမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ် မှ ယနေ့ကျင်းပသည့် ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် (၂၀) ကြိမ်မြောက် အစည်းအဝေး ပထမနေ့ တွင် တင်သွင်းခဲ့ပြီး သျှမ်းပြည်နယ် လွှတ်တော်မှ အဆိုကို အတည်ပြု ခဲ့ကြောင်း သိရသည်။

သျှမ်းပြည်နယ်အတွင်း စွန့်ပစ် ပစ္စည်း စီမံခန့်ခွဲမှုကို သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ လက်ရှိထက် ပိုမိုကောင်းမွန်သော စနစ်ဖြင့် ရေတို ရေရှည်စီမံချက်များ ချမှတ်ကာ အလးထား ဆောင်ရွက်ပေးရန် တိုက်တွန်းသည့် အဆိုကို တင်ပြခဲ့ ဆွေးနွေးခဲ့သည်။

“အဓိက ရည်ရွယ်ချက်ကတော့ သျှမ်းပြည်နယ် အတွင်း သဘာဝ ပတ်ဝန်းကျင် ကစ လူမှုဘဝက အစ ကောင်းမွန်ပြီးတော့ သန့်ရှင်းလှပပြီးတော့ စိမ်းလန်းတဲ့ ဒေသကြီး ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီအဆိုကို တင်သွင်းခဲ့ပါတယ်” ဟု အဆိုတင်သွင်းသူ သျှမ်းပြည်နယ် လွှတ်တော်အမတ် နန်းစံဟွမ် ကပြောသည်။

သျှမ်းပြည်နယ်အစိုးရမှ ယခုထက်ပိုပြီး သျှမ်းပြည်တွင်းရှိ စွန့်ပစ်စ္စည်းများ စီမံခန့်ခွဲမှုကို အလေးထား ဆောင်ရွက်ပေးရန်အတွက် နှင့် သျှမ်းပြည်တွင်း အမှိုက်များကို စနစ်တကျ စွန့်ပစ်ရာမှာ အားနည်းနေကြောင်း နန်းစံဟွမ် က ထပ်လောင်းပြောသည်။

“အဆိုတစ်ခုအောင်ပြီဆိုရင် ဒီအဆိုကို အစိုးရဘက်က ဆက်လက်ပြီးတော့ အကောင်ထည်ဖော်မဖော် စောင့်ကြည့်ရဖို့က တာဝန်ရှိပါတယ်။” ဟု နန်းစံဟွမ် ကပြောသည်။

နန်းစံဟွမ်၏ အဆိုကို မိုင်းပန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ် စိုင်းနောင့် က ထောက်ခံ ဆွေးနွေးခဲ့ပြီး သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်း မှ အဆိုကို အတည်ပြုကြောင်း လွှတ်တော်တွင်း ပြန်လည်ဖြေကြားခဲ့သည်။

အဆို ထောက်ခံ ဆွေးနွေးသည့် စိုင်းနောင့် က “အဆိုကို ဘာကြောင့် ထောက်ခံ ဆွေးနွေးရလဲဆိုတော့ အမှိုက်ပြဿနာက မြို့တိုင်းလိုလိုဖြစ်နေတယ်။ တခြား ဧည့်သည်တွေ လာလည်ရင် အမှိုက် ပုံတွေ့ရင် မြို့ရောက်ခါနီးပြီလို့ ပြောကြတယ်။ အဲ့ဒါ ယဉ်ကျေးမှု တစ်ခုလိုဖြစ်နေတယ်။ ဒါမဖြစ်သင့်ဘူးပေါ့နော် ” ဟု ပြောသည်။

အမှိုက်သည် လျှပ်စစ်ထုတ်လုပ်နိုင်သည့် အဆင့်ထိဖြစ်ပြီး လက်ရှိ သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် အမှိုက်မီးရှို့သည့် စက် ကို ဆောင်ရွက်နေပြီဖြစ်ကြောင်း နန်းစံဟွမ် ကပြောသည်။

“ကျမ ဖြစ်ချင်တာက အမှိုက်ကနေ လျှပ်စစ်ထုတ်လုပ်နိုင်တဲ့အဆင့် အဲ့လိုပုံစံထိ ဖြစ်စေချင်တယ်။ ရန်ကုန်တိုင်း ဒေသကြီးမှာဆိုရင် ဒီစနစ်ကို ဖော်ဆောင်နေပြီ။ နိုင်ငံတကာမှာလည်း ဒီစနစ်ကို တော်တော်များများ ဖော်ဆောင်နေတာ လေ့လာတွေ့ရှိရတယ်” ဟု နန်းစံဟွမ် ကပြောသည်။

သျှမ်းပြည်တွင်းရှိ မြို့များတွင် စည်းကမ်းမဲ့စွာ အမှိုက်စွန့်ပစ်မှုများကြောင်း ရေမြောင်းများပိတ်ကာ မိုးရွာတိုင်း ရေကြီးရေလျှံမှု ဖြစ်ခဲ့ရသည်။

Leave a Comments