မိုင်းပန်မြို့နယ် ကျေးလက် ကုန်စုံဆိုင်မှ အရက်၊ဘီယာများကို ရဲတပ်ဖွဲ့မှ ဝင်ရောက်သိမ်းဆည်း

0

သျှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့နယ် အတွင်းရှိ ကျေးလက်အရောင်းဆိုင်များတွင် ရောင်းချနေသည့် အရက်၊ဘီယာများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ မှ ဝင်ရောက် သိမ်းဆည်းပြီး ဆိုင်ရှင်ကို ဒဏ်ငွေရိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဇူလိုင် ၂၀ ရက် ညနေ ၃ နာရီ က မိုင်းပန်မြို့ရဲတပ်ဖွဲ့ က မိုင်းပန်မြို့နယ် ဟိုဖိုင်လုံကျေးရွာအုပ်စု အတွင်းဝင်ရော က်ကာ ကျေးလက်ကုန်စုံဆိုင်များတွင် ရောင်းချနေသည့် အရက်၊ ဘီယာများမှ အခွန်မဆောင်ထားသဖြင့် ဟုဆိုကာ သွားရောက်သိမ်းဆည်းခဲ့ကြောင်း၊ ဆိုင်ရှင်များထံမှလည်း ဒဏ်ငွေ ၅ သောင်း ကျပ် ကောက်ခံခဲ့ကြောင်း မိုင်းပန်မြို့နယ် ဒေသခံစိုင်းခေး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ သူတို့ (ရဲတွေ) အကြောင်းပြချက် က အခွန်မဆောင်လို့ပြောတာပဲ။ အရက်ရော ဘီယာရော သိမ်းတယ်။ ငွေကျပ် ၅သောင်းလည်း ဒဏ်ငွေရိုက်သွားတယ်” ဟု ဒေသခံ စိုင်းခေးကပြောသည်။

အဆိုပါ ကျေးလက်ကုန်စုံဆိုင်လာရောက်သိမ်းဆည်းသည်အချိန်တွင် ရဲတပ်ဖွဲ့ဝင်များသာလာရောက်ကြောင်း၊ လာသိမ်းသည့်အချိန်တွင် မည်သည့် စာရွက်စာတမ်းမှမပါလာကြောင်း၊ အထက်ညွန်ကြားချက် တစုံတရာမပါဘဲ လာရောက် သိမ်းဆည်းကြောင်းလည်း စိုင်းခေးက ပြောပြသည်။

“ တရားစွဲမယ်ဆိုတာတော့မကြားရသေးဘူး” ဟု စိုင်းခေး က ပြောသည်။

မိုင်းပန်ရဲတပ်ဖွဲ့ထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပေ။

ကျေးလက်ဒေသ အတွင်းရှိ ကုန်စုံဆိုင်များကို ဝင်ရောက်စစ်ဆေးမည်ဆိုပါက သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ အထက် ညွန်ကြားချက် စာပါရန် လိုအပ်ကြောင်း လည်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ စစ်ဆေးမယ်ဆိုရင် အရင် ကြိုပြောရမယ်။ စစ်မယ်ဆိုရင် စာတွေ ထုတ်ပြန်တာတွေ အရင်ပြောရမယ်။ ဘာမှ မပြောဘဲ ဒီတိုင်း ဝင်ပြီး သိမ်းတာကတော့ လူ့အခွင့်အရေးချိုးဖောက်ပါတယ်။ တကယ်ဆိုရင် ဥပဒေ ဘာတွေရှိလဲဆိုတာ ပြည်သူတွေကို ပြောပြရပါမယ်” ဟု စိုင်းဟော်ရှဲန် ကဆိုသည်။

လက်ရှိမှာ ကျေးလက်ဒေသအတွင်း အရက်၊ဘီယာ လာရောက်သိမ်းသည့် ကိစ္စမှာ ဒေသခံပြည်သူများ ရှင်းလင်းစွာ မသိရှိသေးကြောင်း၊ သိမ်းဆည်းခံရသည့် ပစ္စည်း အရေအတွက် မများသော်လည်း ကျေးရွာအတွင်း သို့လာရောက် စစ်ဆေးမည်ဆိုပါက ညွှန်ကြားချက် စာပါရန် လိုအပ်ကြောင်းလည်း မိုင်းပန် ဒေသခံများက ပြောဆိုလိုက်သည်။

Leave a Comments

SHARE