ကန့်ကွက်မှုကြား လဲချားမြို့နယ် အတွင်း ကျောက်မီးသွေးတူးရန် ကုမ္ပဏီ ကြိုးစားနေ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဟဲဆိုင်ကျေးရွာအုပ်စုရှိ ကျောက်မီးသွေး တူးဖော်နိုင်ရန်အတွက် ကုမ္ပဏီတခု မှ ဆက်လက် ကြိုးစားနေကြောင်း စုံစမ်းသိရသည်။

Photo by လဲချားမြို့နယ် ဟဲဆိုင် ကျေးရွာ ဒေသခံ တဦး

ဇူလိုင်လ ၆ ရက်က လဲချားမြို့နယ် ဟဲဆိုင်ကျေးရွာ အတွင်း ကျောက်မီးသွေး တူးဖော်ရန် အတွက် ကုမ္ပဏီ တခုက လူလွှတ်၍ ဟဲဆိုင်ကျောင်းတိုက် ဆရာတော်ထံ သွားရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ကုမ္ပဏီက လူ ၅ ယောက် လောက် ကျောင်းကို ရောက်လာတယ်။ ကျောက်မီးသွေးတူးဖို့အတွက်ခွင့်တောင်းတယ်။ ဆရာတော်တို့ အနေနဲ့ ကန့်ကွက်ထားပါတယ်။ ကန့်ကွက်ထားတာတွေပြန်ရုပ်သိမ်းပေးဖို့လာပြောသွားတယ် ” ဟု ဟဲဆိုင် ကျောင်းတိုက်မှ ဆရာတော် က သျှမ်းသံတော်ဆင့် ကို မိန့်ကြားသည်။

ဟဲဆိုင်ကျေးရွာ အတွင်း ကျောက်မီးသွေး တူးဖော်ရန် အတွက် ကုမ္ပဏီ ဘက်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံများ ထံ မကြာခဏ လာရောက် စည်းရုံးခဲ့သော်လည်း တစုံတဦးမှ လက်မခံသဖြင့် ဆရာတော်ထံ လာရောက်ခွင့်တောင်းခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မီးသွေး တူးဖော်မှု နှင့် ပတ်သက်ပြီး ဆရာတော် က “ဆရာတော်တို့ ဒေသခံတို့ အားလုံး ကန့်ကွက်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝ ပတ်ဝန်းကျင်တွေ ထိခိုက်လာမယ်။ ကျန်းမာရေးတွေ ထိခိုက်လာနိုင်တယ်” ဟု ဆက်လက်မိန့်ကြားသည်။

၎င်းစီမံကိန်းနှင့်ပတ်သက်၍ မေးမြန်းရန်အတွက် အဆိုပါ ကုမ္မဏီ၏ လူများနှင့်ဆက်သွယ်မှုရရှိရန် သျှမ်းသံတော်ဆင့်မှ ကြိုးစားနေဆဲဖြစ်ပါသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ လတွင်လည်း လဲချားမြို့နယ် နောင်ယာဆိုးင်ကျေးရွာအ တွင်း ကျောက်မီးသွေး တူးဖော်ရန် ဝမ်ပန်ပြည်သူ့စစ် ခေါင်းဆောင် ခူးဒေါန မှလည်း ဒေသခံများ နှင့် တွေ့ဆုံခဲ့သေးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

လဲချားမြို့နယ် ဟဲဆိုင်ကျေးရွာ အတွင်း ကျောက်မီးသွေး တူးမည့် ကိစ္စ ကို လွန်ခဲ့သည့် ၄လ ခန့် က မြို့နယ် သံဃာများနှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး၊ ကန့်ကွက်ထားကြောင်း လဲချားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်ဇေယျ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သံဃာတော်တွေ ပြည်သူတွေ က သဘောတူညီမှု မပေးရင် ကျနော်တို့လည်း ပြည်သူတွေဘက်ကပဲ ရပ်တည်သွားမှာပါ” ဟု စိုင်းကျော်ဇယျ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဟဲဆိုင်ကျေးရွာအုပ်စုရှိ ကျောက်မီးသွေး တူးဖော်ရန် အတွက် (၅၀၀၀) ဧက ဝန်ကျင်းခန့်လျားထားပြီး၊ တူးဖော်မှု ရရှိရန် အတွက် သံဃာတော်များ၊ ဒေသခံများကို သက်ဆိုင်ရာ ကုမ္ပဏီ က စည်းရုံးနေခြင်းဖြစ်သည်။

လက်ရှိမှာ လဲချားမြို့နယ် နမ့်လင်းကျေးရွာ တွင် လွိုင်ဂျယ်နဂါး ကုမ္ပဏီ မှ ၂၀၁၆ ခုနစ်မှ ၂၀၂၀ ခုနစ် အထိ ၁၀နှစ် သက်တမ်း ကျောက်မီးသွေး တူးဖော်ခွင့်ရရှိထားသည်။

ထို နမ့်လင်းကျေးရွာ အနီး ကျောက်မီးသွေး တူးဖော်မှုကြောင့် ဒေသခံများ၏ စိုက်ပျိုးရေး အတွက် ရေများခမ်းခြောက်ခြင်း၊ လယ်ယာမြေများ ထိခိုက်ခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့နေရကြောင်းသိရသည်။

သျှမ်းပြည် တောင်ပိုင်း လဲချားမြို့ နယ် အတွင်း တူးဖော်နေသည့် ကျောက်မီးသွေး စီမံကိန်းများ ရပ်ဆိုင်းရန် လွန်ခဲ့သည့် ၂၀၁၈ ခုနစ် စက်တင်ဘာ တွင် ဒေသခံ (၇၀၀) ကျော် ဆန္ဒထုတ်ဖော်ခဲ့သည်။

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် အတွင်း အစိုးရတပ်မတော်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ၊ တပ်မဟာ ၇၅၈ ဝမ်ပန်ပြည်သူ့စစ် နှင့် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO) တို့ လှုပ်ရှားသည့် နယ်မြေဖြစ်ကြောင်း သိရသည်။

Leave a Comments

SHARE