မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဗစ်ကြောင့် ကိုယ့်ကိုယ်ကိုမီးဖွား ကလေးငယ်သေဆုံး

0

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ တွင် နေထိုင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုယ်ဝန်သည် အမျိုးသမီးတဦးသည် မီးဖွားစရိတ်မရှိသဖြင့် နေအိမ်တွင်ပင် ကိုယ်တိုင်မီးဖွားရင်း ကလေးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

“ ဇွန် ၂၅ ရက် မနက် ၄ နာရီမှာ ကျနော့်ဆီကို သူ့အမျိုးသား ဖုန်းဆက်လာတယ်။ ကျနော် သူတို့ဆီ ရောက်တော့ ကလေးက ညိုမဲပြီး အသက်မရှိတော့ဘူး။ ကလေးကိုသူတို့ ဘာသာမွေးကြတာ။ ပိုက်ဆံမရှိ လို့ ဆေးရုံ မသွားကြဘူး” ဟု လူမှုကရုဏာအသင်း (မယ်ဆိုင်) မှ ကိုစိုင်း က ဆိုသည်။

လူမှုကရုဏာအသင်း (မယ်ဆိုင်)

ထိုအဖြစ်အပျက်များကို ထိုင်းအာဏာပိုင်းများလာရောက် စစ်ဆေးရာ ကလေး သေဆုံးမှုသည် သံသယ တစုံတရာ မရှိသဖြင့် ကလေးအလောင်းအား ထိုနေ့တွင်ပင် သဂြိုလ်လိုက်ကြောင်း ကိုစိုင်းကပြောသည်။

ကလေးမွေးဖွားသည့် အမျိုးသမီးသည် အသက် ၃၅နှစ် အရွယ်ရှိပြီး မန္တလေးတိုင်း ဘက်မှ ထိုင်းနိုင်ငံမယ်ဆိုင်သို့လာရောက်အလုပ်လုပ်သူဖြစ်ကြောင်းသိရသည်။

လက်ရှိကမ္ဘာတဝှမ်း ကိုဗစ်-၁၉ ကပ်ရောဂါ ရင်ဆိုင်နေရသည့် အချိန်ဖြစ်သည့် အလျောက် ထို ရွှေ့ပြောင်းအလုပ်သမားများလည်း အလုပ်လက်မဲ့ဖြစ်နေကြပြီး နေထိုင်စားသောက်မှုစရိတ် ခက်ခဲကာ ကလေးမွေး စရိတ်ပင်မရှိသဖြင့် ဆေးရုံမသွားနိုင်ဖြစ်ရာ ကလေးမသေဆုံးသင့်ဘဲ သေဆုံးသွားရကြောင်း မယ်ဆိုင်ရှိလူမှုကူညီရေးအသင်းအဖွဲ့များကပြောသည်။

လူမှုကရုဏာအသင်း (မယ်ဆိုင်)

အဆိုပါ အမျိုးသမီးသည် ယခင်က အလုပ်သမားကဒ်ရှိထားသော်လည်း ကိုယ်ဝန်ရလာပြီး မွေးဖွားရန် ရက်နီးလာသဖြင့် အလုပ်သမားကဒ် သက်တမ်း သွားမတိုးခြင်းဖြစ်ကောင်း ကိုစိုင်းက ပြောပြသည်။

“အလုပ်သမားကဒ်မရှိတော့ ဆေးရုံသွားဖို့ကလည်းခက်တယ်။နောက် သူတို့၂ယောက်မှာ တကယ်ကို ပိုက်ဆံမရှိကြတာ။ ကလေး သေဆုံးပြီးနောက် ကလေး အမေကို ဆေးရုံသွားဖို့ပြောတာတောင် ပိုက်ဆံမရှိလို့ ဒီတိုင်းထပ်နေမယ်တဲ့။ ကျနော်တို့ကူညီပေးမယ်ဆိုပြီး ဆေးရုံပို့လိုက်ရတယ်” ဟု ကိုစိုင်း ကထပ်လောင်း ပြောသည်။

လူမှုကရုဏာအသင်း (မယ်ဆိုင်)

ထိုဇနီးမောင်နှံသည် မြန်မာပြည်ပြန်ပါက Quarantine ဝင်ရမည်ဖြစ်ရာ၊ နေရပ်ပြန်ရန် အတွက်လည်း ငွေကြေး မတတ်နိုင်သဖြင့် မယ်ဆိုင်တွင်သာနေထိုင်ကြကြောင်း၊ ထိုသို့ခက်ခဲမှု များကြား ဆေးရုံ သွားပြီး မွေးဖွားရန်လ ည်း ငွေကြေးမတတ်နိုင်သဖြင့် မိမိဘာသာ မီးဖွားလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

“ ဒီ အဖြစ်အပျက်က ကျနော်တို့ အတွက် သင်ခန်းစာ တခုပါပဲ။ ကျနော်တို့ အခု ကိုယ်ဝန်သည်တွေကို စာရင်းလိုက်ကောက်ပြီး နောက်ထပ်ဒီလို အဖြစ်မျိုးမကြုံအောင်တော့ လုပ်ဆောင်သွားရမယ်” ဟုကိုစိုင်း ကဖြည့်စွတ်ပြောသည်။

ယခု ကိုဗစ်ကာလ အတွင်း ထိုင်းနိုင်ငံတွင် အလုပ်လက်မဲ့ဖြစ်နေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ နှင့် ကိုယ်ဝန်သည် မိခင်လောင်းများစွာ ကျန်ရှိနေသေးကြောင်း သိရသည်။

Leave a Comments

SHARE