Thursday, April 25, 2024

ကိုဗစ် ကပ်ရောဂါကို ကိုးကွယ်ယုံကြည်မှု တွေနဲ့ကုစားနေဆဲ

Must read

“ ဈေးသုံးလည်းမလွယ်နဲ့ ရှေးထုံးလည်း မပယ်နဲ့” ဆိုတဲ့ ရှေး အစဉ်အလာ ဆိုရိုးစကားအတိုင်း မြန်မာနိုင်ငံသားတွေဟာ ဘိုးဘွားအစဉ်အဆက်ကျင့်သုံးလိုက်နာလာတဲ့ ကျင့်ထုံး တွေကို ယနေ့တိုင် ယုံကြည်သက်ဝင်နေဆဲပါ။

လက်ရှိ ကမ္ဘာတဝှမ်းကို တုန်လှုပ်တေဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို မြန်မာနိုင်ငံသားတွေလကည်း စိုးရိမ်ထိတ်လန့်မှု မျိုးစုံ ကြုံတွေ့နေရပါတယ်။

ကိုဗစ်-၁၉ ကို ကာကွယ် ထိန်းချုပ်ဖို့ အတွက် နည်းမျိုးစုံ ပြုလုပ်နေကြသလို သျှမ်းပြည်သားတွေလည်း ကိုယ်ယုံကြည်ရာတွေ ကိုယ့် အယူအဆတွေနဲ့ ရောဂါပျောက်ဖို့ ကာကွယ်တားဆီးနေကြပါတယ်။

တချို့ ရပ်ရွာအဝင်တွေ၊ နေအိမ်အဝင်တွေမှာ ကိုဗစ်-၁၉ မဝင်နိုင်အောင်ဆိုပြီးတော့ ကိုယ်ယုံကြည်ရာ အယူအဆတွေနဲ့ အကာအကွယ်အမျိုးမျိုးနဲ့ ထားရှိ ကြပါတယ်။

ကြက်သွန်နီဥ ကို ကြွပ်ကြပ်အိတ်ထဲတွင် ထည့်ပြီး အိမ် အဝင်တံခါး၊ခြံတံခါးတွေမှာ ချိတ်ဆွဲထားရင် ကိုဗစ်-၁၉ ကို ကာကွယ်တယ် ဆိုတဲ့ ယုံကြည်မှုမျိုးကို လွန်ခဲ့တဲ့ မေလ လယ်ပိုင်းမှာ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် Fang( ဖှန်)မြို့နယ် မှာ တွေ့ရပါတယ်။

ဖှန်တွင်နေထိုင်တဲ့သျှမ်းရွှေ့ပြောင်းအလုပ်သမားများ၏ ကိုဗစ်ရောဂါ ကာကွယ်တဲ့နည်း( ဓာတ်ပုံ SHAN)

တလကြာ ကြွပ်ကြွပ်အိပ်ထဲတွင် ထည့်ထားတဲ့ ကြက်သွန်နီဥ ဟာ ပုတ်သိုးပြီး အရည်တွေထွက်သည့်တိုင်အောင် မစွန့်ပစ်ဘဲ ဆက်လက်ချိတ်ဆွဲထားဆဲပါ။

အဲဒီဒေသမှာ သျှမ်းပြည်က လာပြီး အလုပ်လာလုပ်တဲ့သူတွေ များပါတယ်။

“ ဒါက ကိုဗစ်ကို ကာကွယ်တယ်လေ။ ရောဂါပိုးတွေ အိမ်ထဲမဝင်အောင်လို့ချိတ်ထားတာ” ဆိုပြီး ဖှန်မြို့နယ် က ရွှေ့ပြောင်းကလေးတွေကို စာသင်ပေးတဲ့ ဆရာက ပြောပြပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေဟာ ကိုဗစ်-၁၉ ကပ်ဆိုးရောဂါနဲ့ ပတ်သက်ပြီး သေချာမသိရှိ၊ နားမလည်မှုတွေကြောင့် ချိတ်ထားကြကြောင်း၊ တဦးတယောက်က ပြောဆိုလာလျှင် ယုံကြည်လွယ်ပြီး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လိုက်လုပ်ကြကြောင်း ကျောင်းဆရာက ပြောပါတယ်။

“ ကြက်သွန်နီက ပိုးတွေသေတယ်လို့ ပြောကြတယ်။ ဒါအိမ်မှာချိတ်ရင် ရောဂါ အိမ်ထဲမဝင်နိုင်ဘူး။ ကာကွယ်တဲ့သဘော” လို့ ၎င်း ကျောင်းဆရာ က ဆိုပါတယ်။

ဖှန်တွင်နေထိုင်တဲ့သျှမ်းရွှေ့ပြောင်းအလုပ်သမားများ၏ ကိုဗစ်ရောဂါ ကာကွယ်တဲ့နည်း( ဓာတ်ပုံ SHAN)

ကြက်သွန်နီ ဟာ ကိုဗစ်-၁၉ ကို ကာကွယ်နိုင်တယ်ဆိုတဲ့ ပတ်ဝန်းကျင် ပြောဆိုတဲ့ စကားကို နားယောင်ပြီး လိုက်လုပ်ကြတဲ့ သဘောဖြစ်ကြောင်းလည်း ထိုဒေသတွင် နေထိုင်တဲ့ သူတွေက ပြောပြပါတယ်။

“ ဘယ်ကနေ ဘယ်လို ကြားလာလဲမသိဘူး။ ကြက်သွန်နီ က ကိုဗစ် မဖြစ်ဘူး။ စားပေးရတယ်။ တံခါးတွေမှာ ချိတ်ရတယ်ဆိုတာ ဘယ်က စမှန်းတောင် မသိတော့ဘူး” လို့ ဖှန်တွင် အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား နန်းထွေး က ပြောပါတယ်။

တိုင်းရင်းသားအများစုဟာ အယုံအကြည်လွယ်ကူပြီး၊ ထို အယုံအကြည် ဟာ ရှေးရိုးအစဉ်အလား အယူအဆတွေတောင် ဖြစ်ကုန်ပါတယ်။

ခေတ်ကာလ ပြောင်းလဲ လာပေမယ့် တိုင်းရင်းသားတွေဟာ ဓလေ့ အယူအဆတွေကတော့ မပြောင်းလဲလာဘဲ ယုံကြည်ကိုးကွယ်နေကြဆဲပါ။

ဒ့ါအပြင် ကိုဗစ်ကာလမှာ အလွန် ဝေးလှမ်းပြီး လူအရောက်နည်း၊ ပညာရေး နိမ့်ပါး၊ ဗဟုသုတ အားနည်းတဲ့ဒေသတွေမှာလည်း ဗေဒင် စကား၊ နတ်အယုံအကြည်တွေကြောင့် ကိုဗစ်ကာလ အတွင်း အိမ်ရှေ့ အနီရောင် ပိတ်စကို ချိတ်ဆွဲရမယ်ဆိုတဲ့ အယူတွေလည်း ရှိပါတယ်။

အိမ်တိုင်းနီးပါး ပိတ်စ အနီးချိတ်ဆွဲမှုကြောင့် နောက်ဆုံးမှာ ပိတ်စ အနီရောင် ရောင်းအားတက်ပြီး သျှမ်းပြည်တောင်ပိုင်း ဈေးကွက်မှာ ကုန်လုနီးပါး ဖြစ်သွားတဲ့အထိပါပဲ။

လင်းခေး ဒေသခံတွေ ကိုဗစ်ရောဂါအတွက် ယုံကြည်ရာ အယူတခု ( ဓာတ်ပုံ လင်းခေး ဒေသခံ တဦး ပေးပို့လာတဲ့ပုံ)

“ပိတ်စ အနီနဲ့ နေအိမ်ခြံဝင်း ရဲ့ခြံတံခါးမှာ ချည်ထားတာ ၊တချို့လည်း တိုင်ထိပ်မှာချည်ပြီးတော့ထောင်ထားတယ်။ အဲတာက ဖေဖော်ဝါရီလလောက်က စလုပ်ကြတာ။ ကိုဗစ် စဖြစ်တုန်းလောက်ကပေါ့။ မြို့ရှင် (စဝ်မိန်း) က မိန့်တာ လို့ လူကြီးတွေပြောတော့ ယုံကြည်ကိုးကွယ်မှုအရ လုပ်ကြတာ။ အိမ်တိုင်းလုပ်ထားတယ်။ ”-လို့ လင်းခေးဒေသခံ ယိင်းလောဝ် ကဆိုပါတယ်။

လင်းခေး ဒေသခံတွေ ကိုဗစ်ရောဂါအတွက် ယုံကြည်ရာ အယူတခု ( ဓာတ်ပုံ လင်းခေး ဒေသခံ တဦး ပေးပို့လာတဲ့ပုံ)

မြို့ရှင် (စဝ်မိန်း) ဟာလည်း ရှမ်းတို့ရဲ့ယုံကြည်ကိုးကွယ်မှုထဲက အလေးအမြတ်ထားတဲ့ တခုဖြစ်ပါတယ်။ ကပ်ရောဂါဆိုးတွေ ၊ ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်လာရင် စဝ်မိန်း ကို ပူဇော်ပသ တောင်းဆုပြုကြတာ ဘိုးဘွားအစဉ်အဆက်ကနေ ကနေ့အထိ လုပ်လာကြပါတယ်။

 

“အဲဒီပိတ်စအနီ ချည်ထားလို့ ရောဂါလည်း တကယ်မကူးစက်ဘူးလေ။ ၂ လ ၃ လ ကြာတော့ လင်းခေးမှာမိုးမရွာလို့ စဝ်မိန်းထပ်သွားပူဇော်တယ်။ စဝ်မိန်းက ပိတ်စအနီကြောင့်မိုးမရွာတာတဲ့။ ပိတ်စ အနီကိုဖြုတ်လိုက်ဆိုလို့ အခု ပိတ်စအနီတွေတော့မရှိတော့ဘူး။ မိုးရွာစေချင်ရင်၊ ရောဂါလည်း ကင်းစေချင်တယ်ဆိုရင် ထီးဖြူ ၅ လက်၊ သပြေခက် နဲ့ အုန်းစိမ်း လှူပါလို့ ထပ်မိန့်လာတယ်။ အဲတာအခု အိမ်တိုင်း အိမ်တိုင်းမှာ အဲတာတွေလှူထားပါတယ် ဘုရားစင်မှာ” လို့ နန်းအေးကပြောပါတယ်။

လင်းခေး ဒေသခံတွေ ကိုဗစ်ရောဂါအတွက် ယုံကြည်ရာ အယူတခု ( ဓာတ်ပုံ လင်းခေး ဒေသခံ တဦး ပေးပို့လာတဲ့ပုံ)

လင်းခေးမြို့မှာ အစိုးရရဲ့ကျန်းမာရေးဌာနအပြင် တဖက်ကလည်း နမ့်ခုံးပရဟိတအဖွဲ့ရဲ့ ကျန်းမာရေး စောင့်ရှောက်ပေးမှု လည်း ရှိနေပါတယ်။ တဖက်ကလည်း ယုံကြည်မှုအရ စဝ်မိန်းရဲ့လမ်းညွှန်မှုကို လင်းခေးမှာ မြို့နေရော ကျေးလက်တွေမှာပါ လုပ်နေကြတာဖြစ်ပါတယ်။

“ကျန်းမာရေးကလမ်းညွှန်တဲ့အတိုင်းလည်းလုပ်တယ်။ စဝ်မိန်းကမိန့်တဲ့အတိုင်းလည်း လိုက်လုပ်ပါတယ်။ လုပ်ဖို့လည်းမခက်ဘူးလေနော် ။ လှူဆိုလည်း လှူကြတာပေါ့ ။ လှူရရင်စိတ်လည်းချမ်းသာတာကိုး ။ ပြီးတော့ ကိုယ်တယောက်ထဲအတွက်မှမဟုတ်တာ ။တမြို့လုံးအတွက်ဘေးကင်းရေးလို့ ခံစားမိတယ်လေ ” လို့ ယိင်းလောဝ်နဲ့ နန်းအေး တို့ကပြောပါတယ်။

“ မြို့နဲအရမ်းအလှမ်းဝေးတဲ့ကျေးရွာဆိုရင် ကျန်းမာရေး ဝန်ထမ်းတွေက သိပ်မရောက်ဘူး။ ကိုဗစ် ဆိုတာ ပိုးကောင်တမျိုး၊သူတို့ ဆေးပညာနားမလည်တော့ သိသလောက် နဲ့ ကာကွယ်ကြတဲ့သဘောပါ” လို့ သျှမ်းပြည်မြောက်ပိုင်း သူနာပြု ဆရာမ ဖြစ်တဲ့ ဆရာမ ဇာခြည် က ပြောပါတယ်။

မြို့ နဲ့ ဝေးကွာတဲ့ ကျေးရွာတွေမှာ ကိုဗစ်-၁၉ ကို သေချာ နားမလည်ကြကြောင်း၊ ဆေးပညာဗဟုသုလည်း မသိရှိကြတော့ ရှေးရိုးစွဲ အယူများဖြင့်သာ ပြုလုပ်ပြီး နေကြတာကို တွေ့ရကြောင်း သျှမ်းပြည်မြောက်ပိုင်းမှာ တာဝန်ကျတဲ့ သူနာပြုများက ပြောပြပါတယ်။

“ သူတို့ လုပ်တဲ့ အယူတွေကို တချို့ က ဟာသလုပ်ကြတယ်။ တကယ်တော့ လူတွေက ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ရွာကို ကာကွယ်နေကြတာပါ ။ သူတို့လူကိုသူတို့ကာကွယ်ကြတဲ့သဘောပါ” ဟု စိုင်းအောင်မိုး က ပြောပါတယ်။

တချို့သော ကျေးရွာတွေမှာ ဓလေ့ အရ နတ်တွေကို ယခုချိန်ထိ ယုံကြည်သက်ဝင်နေကြဆဲပါ။

လွန်ခဲ့တဲ့ မတ်လ ကိုဗစ်ကာလ အတွင်းမှာ သျှမ်းပြည် တောင်ပိုင်းမတ်မွန်လောင်းကျေးရွာမှာ ကောက်ရိုး၊ မြက်ခြောက်တွေနဲ့လုပ်ထားတဲ့ လူရုပ်တွေကို ကျေးရွာ အဝင်နဲ ခြံရှေ့တွေမှာ ချိတ်ဆွဲ / စိုက်ထူထားတာလူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့ရပါတယ်။ ကိုဗစ်ကို ကာကွယ်တဲ့အနေဖြင့် နတ်ဆိုးတွေ မဝင်အောင် ပြုလုပ်ထားတာလို့ ဆိုပါတယ်။

သျှမ်းပြည်တောင်ပိုင်းမတ်မွန်လောင်းကျေးရွာတွင်တွေ့ရသည့် စာခြောက်ရုပ်ပုံ (Photo by Sai Aung Aung Oo)

အမှန် မှာ ထို စာခြောက်ရုပ်တွေဟာ ကိုဗစ် ကို ကာကွယ်ဖို့ မဟုတ်ကြောင်း၊ လွန်ခဲ့တဲ့ ရှေးဘိုးဘွား လက်ထက်ကတည်းက နတ်ဆိုး၊ဘေးဆိုးကို ကာကွယ်တဲ့အနေဖြင့် အရုပ်ကိုလုပ်ရခြင်းဖြစ်တယ်လို့ ဌာနေ တိုင်းရင်းသားတွေက ပြောဆိုပါတယ်။

ထိုကိစ္စကို မသိရှိသူများက ကိုဗစ်ကို ကာကွယ်ဖို့သီးသန့်ပြုလုပ်တယ်လို့ ထင်မြင်လွှဲမြင်နေကြတာ ကိုလည်း တွေ့မြင်ကြပါတယ်။

လူမှုကွန်ရက် စာမျက်နှာမှာတော့ ကိုဗစ်ကို ကာကွယ်ဖို့ အတွက် နည်းမျိုးစုံ ပြုလုပ်နေကြတာကို တွေ့မြင်ရပါတယ်။
အလားတူ စာခြောက်ရုပ်ကို မြို့အဝင်တွေမှာ စိုက်ထူထားတာ သျှမ်းပြည်ထဲက ကျေးလက်တွေမှာဘဲမဟုတ်ပါဘူး။ ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်းခရိုင်ထဲက မုံ့တိုင်းရင်းသားတွေနေတဲ့ရွာမှာလည်း ပြုလုပ်ကြတာ ထိုင်းသတင်းတွေမှာဖော်ပြထားတာတွေ့ရပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်းခရိုင်ထဲက မုံ့တိုင်းရင်းသားတွေနေတဲ့ရွာတွင် ကိုဗစ်ကို ကာကွယ်တဲ့အယူတမျိုး (ဓာတ်ပုံ Thai PBS)

မြို့ နဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေ ကားလမ်းမပေါက်၊ ဆိုင်ကယ်လမ်းမရှိ ခြေလျင်ဖြင့်သာ သွားလို့ရတဲ့နေရာတွမှာ ကိုဗစ်ကို ကာကွယ်ဖို့ ခက်ခဲကြောင်း ကာကွယ်ဖို့လည်း မသိကြကြောင်း သျှမ်းပြည် မြောက်ပိုင်း COVID-19 တားဆီး ကာကွယ် ထိန်းချုပ် တဲ့ အဖွဲ့တွေ့ ပြောဆိုလိုက်ပါတယ်။

ကိုဗစ် -၁၉ တားဆီး ကာကွယ် ထိန်းချုပ်ရန် အတွက် ကျန်းမာရေးဝန်ကြီးဌာန မှ မကြာခဏ လက်ဆေးရန်၊ လူစုလူဝေး မနေကြရန်၊ တဦး နှင့် တဦး ၆ ပေ အကွာတွင်နေထိုင်ရန် ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း တချို့ ကျေးရွာတွေမှာ မသိကြပေ။

ဒါ့ကြောင့် ဓလေ့ထုံးတမ်းသာလျှင် ကျေးရွာပြည်သူ တွေ အတွက် အကောင်းဆုံးဆေးတခွက် ဖြစ်နေဆဲပါ။

 

ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်းခရိုင်ထဲက မုံ့တိုင်းရင်းသားတွေနေတဲ့ရွာတွင် ကိုဗစ်ကို ကာကွယ်တဲ့အယူတမျိုး (ဓာတ်ပုံ Thai PBS)

လချီကြာတဲ့ ကြက်သွန်နီအိတ်ကို ကိုဗစ် ပြီးဆုံးထိ သာ ချိတ်ဆွဲထားမလားဆိုတဲ့ စဉ်းစားစရာဖြစ်နေပါတယ်။

ကိုဗစ် ကပ်ရောဂါကြောင့် တိုင်းရင်းသားဒေသတွေမှာ ကိုယ့် အယူတွေသုံးစွဲပြီး ဆက်လက်ပြုလုပ်သွားကြမှာပါ။

“ ဒီအယူက ဘယ်သူ့ကိုမှ မထိခိုက်ဘူး။ ဒါ ကိုယ်ယုံကြည်လို့ကိုယ်လုပ်တဲ့သဘောပါ။ သူတပါးကိုလည်း ဘေးမဖြစ်ပါဘူး” လို့ ဖှန်မှာနေထိုင်တဲ့ သျှမ်းအမျိုးသမီးနန်းထွေး ကပြောပါတယ်။

ယုံကြည်ရာ ကိုးကွယ်ရာဆိုတဲ့ အတိုင်း ဓလေ့ ထုံးတမ်း ပြုလုပ်ကြတာကောင်းသော်လည်း လက်ရှိ ဖြစ်ပွားနေတဲ့ ကပ်ရောဂါအကြောင်းကို ကျေးလက်ပြည်သူတွေ၊ ကျေးရွာတွေဆီ ကျန်းမာရေး ဗဟုသုတ အားနည်းသူတွေဆီ သွားပြီး ပညာပေးနိုင်ဖို့ အလွန်အရေးကြီးကြောင်း COVID-19 တားဆီး ကာကွယ်ထိန်းချုပ်ရေးကို ဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article