ကိုဗစ် လုပ်ဆောင်မှုကြောင့် တိုင်းရင်းသားတပ်ဖွဲ့များ ခြိမ်းခြောက်ခံရ

0

တိုင်းရင်းသားလက်နက်ကိုင်တွေ ကိုယ်နည်းကိုယ်ဟန်ဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်မှုတွေပြုလုပ်နေကြသည်။

Photo by Tai Freedom/ facebook

ထိုထိန်းချုပ်မှုတွေ ကာကွယ်မှုတွေ ပြုလုပ်နေချိန်မှာ မြန်မာ့တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ဟန့်တားမှုတွေ ခြိမ်းခြောက်မှုတွေ၊ တပ်စခန်းတွေဖျက်ဆီးမှုတွေ ပြုလုပ်နေသည်။

တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် အင်အားကြီး တပ်ဖွဲ့ ၂ဖွဲ့ဖြစ်သည့် ကရင် အမျိုးသားအစည်းအရုံး(KNU) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး တပ်မတော်၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) တို့၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုကို မြန်မာ့တပ်မတော်က ဟန့်တားနေခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ကြောင့် အစိုးရ အဖွဲ့ မှ မရောက်ရှိနိုင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (EAOs) ထိန်းချုပ်သည့် နယ်မြေများတွင် EAOs တို့က ကိုယ့်နည်းကိုယ့်ဟန် ကာကွယ်နေကြခြင်း၊ လိုအပ်သည့် ပစ္စည်းများ ဖြန့်ဝေးပေးခြင်းတို့ကို ပြုလုပ်ကြသည်။

Photo by Tai Freedom/ Facebook

ထို့ကြောင့် လွန်ခဲ့သည့် ဧပြီ ၁၂ ရက် တွင် RCSS/SSA ၏ ကိုဗစ်-၁၉ ထောက်ပံ့ပစ္စည်းများကို ဒေသခံများလက်ခံပါက အရေးယူမည်ဟု မြန်မာ့တပ်မတော်က ခြိမ်းခြောက်ခဲ့ပြီး၊ ဧပြီ ၁၃ရက်တွင် RCSS/SSA၏ ဆေးတပ်ကို မြန်မာ့တပ်မတော် က လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ ဒီလို တားမြစ်တာက ငြိမ်းချမ်းရေး တည်ဆောက်နေချိန်မှာ ယုံကြည်မှုကို ထိခိုက်နိုင်တယ်” ဟု RCSS/SSAပြောရေးဆိုခွင့် ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့သည်။

RCSS/SSA ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ (PMC) အဖွဲ့မှ ဦးဆောင်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများ၊ ကျန်းမာရေး စာစောင်များနှင့် ကျန်းမာရေး စစ်ဆေးမှုများကို သျှမ်းပြည်အတွင်း အစိုးရ သွားရောက်မှု ခက်ခဲသည့်နေရာများကို ဦးစားပေးလုပ်ဆောင်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က “ ဒီကိစ္စတွေကျနော်တို့ တွေ တွေ့ဆုံဆွေးနွေးပြီးသွားပြီ။ နယ်မြေ ဆက်ဆံရေးရုံးနဲ့ မြန်မာ့တပ်မတော်နဲ့လည်း ညှိနှိုင်းပြီးပြီ အဆင်ပြေသွားပြီ” ဟုလည်း ပြောသည်။

ထိုနည်းတူ မူတြော်(ဖာပွန်) တပ်မဟာ (၅)ခရိုင် အတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ဂိတ် (၂) ကို မြန်မာတပ်တပ်မတော် က မီးရှို့ ဖျက်ဆီးခဲ့သဖြင့် စစ်ရေး တင်းမာမှု ဖြစ်ပွားခဲ့သည်။

“ ဒါ က မဖြစ်သင့်တဲ့ကိစ္စပါ။ အင်အားသုံးတဲ့ ရန်မူတဲ့ မပြုအမူတွေ မလုပ်သင့်တဲ့အချိန်ကာလ ဖြစ်ပါတယ်။ လူသားဆန်ဆန် ဆက်ဆံကြဖို့နဲ့ ဘုံရန်သူဖြစ်တဲ့ ကိုဗစ်ကို ဝိုင်းပြီးတော့ ကာကွယ်ထိန်းချုပ် တဲ့ကာလဖြစ်တယ်။ ဒီလိုဖြစ်တော့ ကျနော်တို့စိတ်မကောင်းဖြစ်ရပါတယ်” ဟု KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး က ပြောသည်။

ကိုဗစ်-၁၉ ကာကွယ် တားဆီးမှု လုပ်ငန်းသည် နိုင်ငံရေး တစုံတရာ မှ မပါရှိဘဲ ကိုဗစ်-၁၉ ကို ကာကွယ်ထိန်းချုပ်ရေး အတွက် မှတ်တမ်းပြုစုပြီး ကျန်းမာရေး ပညာပေးလုပ်သည့် ကိစ္စသာဖြစ်ကြောင်း လည်း ပဒိုစောတာဒိုမူး က ပြောပြသည်။

“ ကျနော်တို့ ညှိနှိုင်းဖြစ်ပါတယ်။ တဖက်က နားလည်မှု လွှဲမှားလို့ ဖြစ်တယ်ဆိုတဲ့သဘောမျိုးနဲ့ ကျနော်တို့ တဖက်နဲ့တဖက် တင်းမာမှု လျော့ချဖို့ အတွက် ဆွေးနွေးဖြစ်ပါတယ်။ နားလည်မှု လွှဲမှားစေနိုင်တဲ့နေရာမျိုးဆိုရင် ၂ဖက် ညှိနှိုင်းဖို့ လိုအပ်တယ်ဆိုတဲ့သဘောအတိုင်း ညှိနှိုင်းပါတယ်။

“ကိုဗစ်ရောဂါက လူမျိုးမရွှေး ဘာသာမရွေး ဘယ်သူ့ကိုမှ ခွဲခြားတာ မဟုတ်ဘူး။ ခွဲခြား ပေါ်လစီနဲ့ သွားလို့မရဘူး” ဟုလည်း ပဒိုစောတာဒိုမူး က ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန ( NRPC ) နှင့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ကြောင်း၊ လက်ရှိ KNU နယ်မြေ အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နည်းကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ပြုလုပ်နေရသည် ဟု ပဒိုစောတာဒိုမူး က ပြောပြသည်။

ထို့အပြင် မြန်မာ့တပ်မတော်အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူပြီး KNU ၏ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) နှင့် တောင်ငူခရိုင် (တပ်မဟာ-၂)၊ ဖားအံခရိုင် (တပ်မဟာ-၇) နယ်မြေများတွင် အင်းအား နှစ်ဆဖြည့် လာခြင်း၊ တပ်စခန်းသစ်တိုးချဲ့ခြင်းတို့ ပြုလုပ်ကြောင်းလည်း မေ (၁၅)ရက်တွင် KNU က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါပြဿနာသည် NCA အကောင်အထည်ဖော်ဆောင်ရာတွင် တပ်နေရာချထားရေး ကို မဆွေးနွေးနိုင်သည့် ပြဿနာဖြစ်ကြောင်း တိုင်းရင်းသား အရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က ပြောသည်။

“ NCA မှာ တပ်နေရာချထားရေး ကိစ္စ မပြီးပြတ်သေးဘူး။ မဆွေးနွေးနိုင်ဘူး။ JMCကလည်း ဒီနေ့ချိန်ထိ မခေါ်နိုင်တဲ့ ပြဿနာတွေပါ။ တပ်နေရာချထားရေး ပြတ်ပြတ်သားသားဖြစ်မှ ဒီကိစ္စတွေ ပြေလည်နိုင်မယ်” ဟု ဦးမောင်မောင်စိုးက ဆိုသည်။

ကိုဗစ် -၁၉ ကာလ အတွင်း တပြည်လုံး အပစ်ခတ်ရပ်စဲပြီး အားလုံး ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ငြိမ်းချမ်းရေး အတွက် လမ်းစ ဖြစ်လာနိုင်ကြောင်း၊ ကိုဗစ် အကျပ်အတည်းကာလ တွင်နောက်တဆင့် တက်နိုင်မည် ဟု ဦးမောင်မောင်စိုး ကသုံးသပ်ပြောသည်။

NCA လက်မှတ်ရေးထိုးသည့် အဓိက ရည်ရွယ်ချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အတွက် ငြိမ်းချမ်းရေး လုပ်ဆောင်ကြကြောင်း၊ ထို လက်မှတ်ရေးထိုးသည့် အချိန်တွင် ကြားကာလ ပြုမူဆောင်ရွက်ရန် သဘောတူညီ ထားသည့် အချက်များ ရှိကြောင်း၊ ၎င်းအပြင် ကိုဗစ်-၁၉ ဆိုင်ရာ အရေးပေါ် ပေါက်လာပါက ဆောင်ရွက်ရန် ခြုံငုံပြီး ဂတိဂဝတ် ပြုထားသည်ကို တွေ့မြင်ရကြောင်း ဝါရင့် သျှမ်းနိုင်ငံရေး သမား၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး စိုင်းလိတ် က ပြောသည်။

“ တပ်မတော်က KNU စခန်းတွေကို ဖျက်သိမ်းတာ၊RCSS ထောက်ပံ့မှုလုပ်ဆောင်တာကို ကန့်သတ်တာ ဟန့်တား လုပ်လာတယ်ဆိုတာ ကိုယ်လက်မှတ်ရေးထိုးထားတဲ့အချက်ကို ဖောက်ဖျက်သလို ဖြစ်နေပါတယ်” ဟု စိုင်းလိတ် က ဆိုသည်။

လက်ရှိ ကိုဗစ်-၁၉ ကာလအတွင်း ငြိမ်းချမ်းရေး နှင့် ပတ်သက်ပြီး ဆက်မလုပ်နိုင်သည့် အချိန်၊ ရပ်တန့်နေချိန်တွင် ပဋိပက္ခဖန်တီးစေသည့် လုပ်ရပ်မျိုး လုံးဝ မလုပ်သင့်ကြောင်း၊ ထို့ကြောင့် ယခုအတိုင်း သာ ဆက်သွားမည်ဆိုပါက ရပ်တန့်နေသည့် ငြိမ်းချမ်းရေး သည် လုံးဝ အပြီးတိုင် ရှေ့မဆက်နိုင်ဘဲ ရပ်တန့်သွားနိုင်ကြောင်း စိုင်းလိတ်က ထောက်ပြ ပြောဆိုလိုက်သည်။


eastern_breeze
SHARE