ကိုဗစ်ကြောင့် အင်းလေးကန်ရှိ စားသောက်ဆိုင်ရှင်များ အကြွေးနှင့် ရင်ဆိုင်နေရ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်တွင် ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် စားသောက်ဆိုင် ပိုင်ရှင်များ အကြွေး နှင့် ရင်ဆိုင်နေရကြောင်း စုံစမ်း သိရှိရသည်။

Photo by SHAN/ အင်းလေးကန် ထဲရှိ အင်းဈေး

ကိုဗစ် -၁၉ ကြောင့် ခရီးသွားလာမှု တစ်လကြာပိတ်ထားသည့် အတွက် ခရီးသွားများကို မှီတင်းစားသုံးနေသည့် အင်လေးကန်ရှိ စားသောက်ဆိုင်များ အကြွေးနှင့် ရင်ဆိုင်နေရပြီး၊ စိုးရိမ်မှုများစွာရှိကြောင်း အင်းဒေသခံများပြောပြချက် အရသိရသည်။

အင်းလေးကန်သည် နိုင်ငံတော်အတွက် ဝင်ငွေအများဆုံးဖြစ်သည့် ခရီးသွားဒေသ တစ်ခုဖြစ်ပြီး  စားသောက်ဆိုင်ပိုင်ရှင်များ စက်လှေသမားများ၏အဓိက ၀မ်းရေးမှာလည်း ရာသီပွဲတော်များအပေါ်တွင်သာမူတည်ကြောင်း ပွဲတော်အချိန်မှသာဝင်ငွေကောင်းကောင်းရှိပြီး မိုးတွင်းကာလ   စားသုံးနိုင်ရန် အဆင်ပြေကြောင်း စားသောက်ဆိုင်ပိုင်ရှင် ဒေါ်သန်းတင် ကပြောသည်။

“ဆိုင်ပြန်မဖွင့်ရသေးရင်တော့ အကြွေးယူပြီး စားရမှာပဲ။ ခုယူထားတဲ့ အကြွေးတွေက ဆိုင်ပြန်ဖွင့်ရင် အကြွေးရှင်က လာတောင်းတော့မှာလေ။ ဆိုင်ပြန်ဖွင့်ရလည်း ဒုက္ခရောက်အုန်းမှာ မိုးတွင်းဆိုတော့လေ ရောင်းလည်း မရောင်းရတော့ဘူး” ဟု ဒေါ်သန်းတင် ကပြောသည်။

အင်းလေးဒေသတွင် လူစည်ကားသည့် ခရီးသွားလည်ပတ်မှု ရာသီမှာ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ သင်္ကြန်ပွဲတော် တပေါင်းပွဲတော်များ  ဖြစ်သည်ဟုသိရသည်။

“ ဆိုင် ပိတ်တာ တလကျော်ရှိပြီ၊ ဝင်ငွေလည်း မရှိဘူး။ ပြန်မဖွင့်ရသေးရင်တော့ အကြွေးတင်ပြီးမှပဲ စားတာပေါ့။ ဆိုင်ပြန်ဖွင့်ပြီး ရောင်းရမှ အဲ့ဒီအကြွေးတွေကို ဆပ်လို့ရမယ်” ဟု ဈေးသည် ဒေါ်တင်လှ ကပြောသည်။

ထိုနည်းအတူ စက်လှေသမားများလည်း စက်လှေမမောင်းရတော့ စားဝတ်နေရေး အတွက် ကျပမ်း အလုပ်လုပ်ကိုင် ရကြောင်း ဦးဖိုးစိန် ကပြောသည်။

မေလကုန်အထိ ဟိုတယ် နှင့် ခရီးသွားလာမှု ပိတ်ပင်ထားကြောင်း နိုင်ငံတော်အစိုးရမှ ကြောညာချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။


eastern_breeze
SHARE