သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ရေကြီးမှုနှင့်အတူပါလာသော နှုံးမြေများကြောင့် အချို့ကျေးရွာများတွင် စက်လှေများပင်မောင်းလို့ မရတော့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အင်းလေးကန်အတွင်းသို့ တောင်ကျရေများ စီးဝင်မှုကြောင့် ရေမြင့်တက်မှုဒဏ်ကို နှစ်လကျော်ကြာခံစားခဲ့ရသည်။
လက်ရှိတွင်ရေပြန်ကျသွားသော်လည်း ရေကြီးမှုနှင့် အတူပါလာသော နှုံးမြေများကြောင့် ရွာမကျေးရွာနှင့် အင်းတိန်ကျေးရွာများတွင် စက်လှေများ သွားလာ၍ မရတော့ကြောင်း ဒေသခံများကပြောသည်။
“ရေလုံးဝခမ်းတာတော့မဟုတ်သေးဘူး၊ ရေကတော့ ရှိသေးတယ်၊ ခုနေရာတွေက ရေကြီးတာနဲ့ ပါလာတဲ့ နှုံးတွေကျန်နေခဲ့တာ ကုန်းတွေပေါ်လာတာပေါ့ ရွာမနဲ့ အင်းတိန် ဘုရားကိုဝင်တဲ့ လမ်းတွေမှာဆို မော်တော်ဝင်ဖို့ ခက်သွားပြီ” ဟု စက်လှေမောင်းသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

အင်းလေးကန်အတွင်းသို့ စီးဝင်သည့် ရေလမ်းကြောင်းများလည်း များစွာရှိပြီး လက်ရှိတွင် ရေချောင်းများလည်း ရေများစတင်ခမ်းခြောက်လာပြီဖြစ်ပြီး ရေကြီးမှုကြောင့် ကျန်ခဲ့သည့် နှုံးမြေများကြောင့် ရေခမ်းခြောက်မှု ပိုမိုမြန်ဆန်လာမည် ဖြစ်ကြောင်း သိရသည်။
“ဆည်မြောင်းစက်တွေကတော့ တွေ့တာပဲ သူတို့လည်း သေချာမလုပ်နိုင်ဘူးထင်တယ်၊ စက်လှေသမားတွေ ကတော့ သွားလာရပိုခက်သွားတာပေါ့၊ ရွာမမှာကတော့ အနောက်ဘက် ကနေကားဝင်လို့ရနေပြီ” ဟု ၎င်းကဆက်ပြောသည်။
Covid 19 ရောဂါနှင့် စစ်အာဏာသိမ်းမှုများကြောင့် အင်းလေးဒေသအတွင်း ခရီးသွားလုပ်ငန်းများကို အကြီးအကျယ်ထိခိုက်ခဲ့ပြီးသည့်အပြင် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရေမြင့်တက်မှု များကြောင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် မြေဆီလွှာပျက်စီးခြင်း၊ ငါးဖမ်းလုပ်ငန်းများအတွက် ငါးများရှားပါးသွားခြင်းတို့ဖြစ်ပေါ်နေလျက်ရှိသည်။
ထို့အပြင် အင်းလေးကန်အတွင်းရှိ ရှေးဟောင်းဘုန်းကြီးကျောင်းများ၊ ရှေးဟောင်းစေတီပုထိုးများမှာလည်း ရေကြီး ပြီးနောက် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေပြီး ဒေသခံအများစုမှာလည်း ရေဘေး နောက်ဆက်တွဲ အခြေအနေများကြောင့် ပြန်လည်ထူထောင်နိုင်ရန် အခက်အခဲများစွာရှိနေသေးကြောင်း သိရသည်။
အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။












Leave a Comments