ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ရှိ မြို့နယ် ၁၄ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့် တောင်ကျရေများ ရုတ်တရက် စီးဝင်နိုင်ခြင်း ဖြစ်ပေါ်လာနိုင်သဖြင့် အထူးသတိထားရန် ထိုင်းနိုင်ငံ မိုးလေဝသဌာနက အသိပေးချက်ထုတ်ပြန်ထားသည်။
မြောက်ပိုင်းဒေသကို ဖြတ်ကျော်နေသော မုတ်သုံလေကြောင့် သြဂုတ်လ ၆ ရက်မှ ၈ ရက်နေ့အတွင်း ချင်းမိုင်ခရိုင်ရှိ မြို့နယ် ၁၄ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။
ယနေ့ သြဂုတ် ၆ ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင်လည်း ချင်းမိုင်ခရိုင် Mai Ai မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေလျှံတက်ပြီး ရေစီးနှင့်အတူ သစ်ကိုင်းများ၊ သစ်ပင်များ အများအပြား မျောပါလာခဲ့ကြောင်း Mai Ai မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် Chom Thong၊ Chiang Dao၊ Chai Prakan၊ Doi Saket၊ Fang၊ Phrao၊ Mae Taeng၊ Mae Chaem၊ Mae Rim၊ Mae Wang၊ Mae On၊ Mae Ai၊ Omkoi နှင့် Hot မြို့နယ်တို့တွင် အထူးသတိထားရမည် ဖြစ်ကြောင်း အသိပေးထားသည်။
အထူးသဖြင့် မြေနိမ့်ပိုင်းနှင့် တောင်စောင်းနေရာများတွင် ရေကြီးခြင်း၊ တောင်ကျရေစီးဝင်ခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ဆိုထားသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ပစ္စည်းများကို နေရာမြင့်သို့ ရွှေ့ပြောင်းထားရန်၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကဲ့သို့သော အားနည်းသူများကို အထူးဂရုစိုက်ရန်နှင့် အစိုးရ၏ သတင်းထုတ်ပြန်ချက်များကို အနီးကပ်စောင့်ကြည့်ရန် တိုက်တွန်းထားပါသည်။












Leave a Comments