Sunday, May 5, 2024

ကိုးကန့် ချင်းရွှေဟော်ဂိတ်တွင် ပြည်တော်ပြန်ထပ်ဝင် စားသောက်ရေး ခက်ခဲနေ

Must read

တရုတ်နိုင်ငံ မှ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ တရုတ်ပြည်တော်ပြန် ၂၀၀ကျော် ထပ်မံရောက်ရှိလာသဖြင့် စားသောက်ရေးအပိုင်း ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

 

Photo by လောက်ကိုင်ဒေသခံ တဦး/ တရုတ်ပြည်တော်ပြန်များ ကို ကိုးကန့်ပရဟိတ အဖွဲ့မှ သွားရောက်ကြိုနေသည့် ပုံ

တရုတ်ပြည်တော်ပြန်များသည် ဧပြီ ၂၁ ရက် တွင် ၁၂၃ ဦး ပြန်လည်ဝင်ရောက်လာပြီး ယနေ့ (ဧပြီ ၂၂ ရက်)မနက်ပိုင်းတွင် ၂၂ ဦးထပ်ဝင်လာကြောင်း ၊ နေ့လည်ပိုင်းတွင် ၁၀၀ကျော် ထပ်မံ ရောက်ရှိလာမည်ဖြစ်ကြောင်း လောက်ကိုင်ဒေသမှ အမည်မဖော်လိုသည့် အစိုးရဝန်ထမ်း တဦး ထံမှသိရသည်။

“ထားလို့တော့ ရတယ်။ စားဖို့က ခက်တယ်။ ချင်းရွှေဟော် နဲ့ လောက်ကိုင်ဆို အခု ဝင်လာတာ ၇၀၀ ကျော် ရှိသွားပြီ။ နေ့လည် ကျရင် ၁၀၀ကျော် ထပ်ရောက်မယ်” ဟု လောက်ကိုင်ဒေသမှ အစိုးရ ဝန်ထမ်းတစ်ဦး ပြောပြသည်။

လက်ရှိမှာ တရုတ်နယ်စပ် ဒေသဖြစ်သည့် ချင်းရွှေဟော်တွင် ပြည်တော်ပြန်များ ထားစရာနေရာမရှိတော့သဖြင့် လောက်ကိုင်မြို့ သို့ ပို့ဆောင်ရကြောင်းလည်း သိရသည်။

ထိုသို့ ပြည်တော်ပြန်အရေအတွက် များပြားလာမှုကြောင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် Quarantine ဝင်နေသည့် တရုတ်ပြည်တော်ပြည်များ ကိုယ်တိုင် အစားအသောက် ချက်ပြုတ်စားသောက်ခိုင်းထားကြောင်း ၎င်းဝန်ထမ်းက ပြောပြသည်။

ပြည်တော်ပြန်များ စားသောက်ရေးပိုင်း ဖြေရှင်းနိုင်ရန်အတွက် သျှမ်းပြည်နယ် COVOD-19 ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ သို့ တင်ပြထားကြောင်း သိရသည်။

Photo byလောက်ကိုင်ဒေသခံ တဦး/ တရုတ်ပြည်တော်ပြန်များ ကို ကိုးကန့်ပရဟိတ အဖွဲ့မှ သွားရောက်ကြိုနေသည့် ပုံ

“အစားအသောက်ပိုင်းမှာ အခက်အခဲဖြစ်နေတယ်။ လူက တအားများနေပြီဘယ်လို ဆောင်ရွက်ရမလဲဆိုတာကိုတော့ တင်ပြထားတယ်။ ဘယ်လို အဖြေပြန်လာမလဲဆိုတာ မသိရသေး”ဟု လောက်ကိုင် ရှိ အစိုးရဝန်ထမ်း တဦးက ထပ်လောင်းပြောသည်။

အဆိုပါ ပြည်တော်ပြန်အလုပ်သမားများသည် တရုတ်နိုင်ငံတွင် ကြံခုတ်ချိန်ပြီးသွားသည့် ကာလ သကြားစက်ရုံ နားထားသည့် ကာလ ဖြစ်သဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။

ထိုပြည်တော်ပြန်များကို ချင်းရွှေဟော်တွင် ၃နေရာ၊ လောက်ကိုင်မြို့ တွင် နေရာ ၇နေရာ တွင် ထားကြောင်းသိရသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရ ချင်းရွှေဟော် နယ်စပ်ဂိတ်သို့ တရုတ်ပြည်မှ ပြန်လည် ဝင်ရောက်လာမည့် ရွှေ့ပြောင်းအလုပ်သမား ၂၅၀၀၀ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါ ကူးစက်သူ ၁၂၁ ဦးရှိပြီဖြစ်ပြီး လက်ရှိ ဆေးရုံတွင် ဆေးကုသသူ ၁၀၇ဦး၊ သေဆုံးသူ ၅ဦး နှင့် ပြန်လည်နေကောင်းလာသူ ၉ ဦးရှိကြောင်း အားကစား နှင့် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article