Thursday, April 18, 2024

သျှမ်းပြည်အတွက် COVID-19 စစ်ဆေးသည့် စက် ၂လုံး ရောက်ရှိတော့မည်

Must read

သျှမ်းပြည် အတွင်း COVID-19 ရောဂါ စစ်ဆေးနိုင်ရန် အတွက် စက် ၂လုံး မကြာမီ ရောက်ရှိလာမည် ဟု သျှမ်းပြည် အစိုးရ အဖွဲ့ မှစုံစမ်းသိရသည်။

 

Photo by Nation Thailand

အဆိုပါ စက် ၂လုံးကို လှူဒါန်းမည့် အလှူရှင်ရှိထားပြီးဖြစ်ကြောင်း၊ သျှမ်းပြည် အတွင်းရှိ ဆေးရုံကြီး ၂ခုဖြစ်သည့် သျှမ်းမြောက် လားရှိုးပြည်သူ့ဆေးရုံ နှင့် သျှမ်းတောင် တောင်ကြီးမြို့ ရှိ စဝ်စံထွန်းဆေးရုံတွင် ထားရှိသွားမည် ဟု သျှမ်းပြည်နယ်အစိုးရ ပြောခွင့်ရ စီမံကိန်း နှင့် ဘဏ္ဍရေးဝန်ကြီး ဦးစိုးညွန့်လွင် ကပြောသည်။

“သျှမ်းပြည်နယ်အတွက် သတင်းကောင်းတစ်ခုကတော့ COVID-19 နဲ့ပတ်သက်ပြီးတော့ စမ်းသပ်ရေးစက် ၂ စုံ လှူဒါန်းဖို့ ကမ်းလှမ်းထားပါတယ်။ တစ်စုံကို သိန်း ၄၀၀၀ ပတ်ဝန်းကျင် ရှိပါတယ်။ အဲ့ဒီစက်တွေကို ကျနော်တို့ သျှမ်းပြည်ကို လာရောက်လှူဒါန်းထားပါတယ်။” ဟု ဦးစိုးညွန့်လွင် ကပြောသည်။

ငါးပါးသီလ ဘုရားစာသင်ကျောင်းသားဟောင်းများမှ လားရှိုးပြည်သူ့ဆေးရုံကြီးအတွက် COVID-19 ဓါတ်ခွဲစမ်းသပ်သည့်စက် ၁ စုံ လှူဒါန်းမည်ဖြစ်ပြီး ၊မဟာယန ယူနန် ဗုဒ္ဓဘာသာ ရန်ပုံငွေ ရှာဖွေရေးကော်မတီ မှလည်း တောင်ကြီး စဝ်စံထွန်းဆေးရုံ အတွက် အဆိုပါစက်မျိုး ၁ စုံ လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

“လှူဒါန်းတဲ့ခါမှာ လက်ခံဖို့ မခံဖို့က ကျနော်တို့က ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနကို လမ်းညွန်မှု ခံယူထားပြီး ဖြစ်ပါတယ်။ သူတို့ကနေ ခွင့်ပြုလိုက်တာနဲ့ တစ်ပြိုင်တည်း ၂၂ ရက်နေ့မှာ ယူနန်ကနေ မန္တလေး ကိုရောက်မယ်လို့ ပြောပါတယ်”ဟု ဦးစိုးညွန့်လွင် ကပြောသည်။

ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်မှု ပေါ်မူတည်ပြီး ခွင့်ပြုမပြုဆိုတာ လောလောဆယ် လမ်းညွန်မှု ခံယူထားခြင်း ဖြစ်သည်။ ၎င်းစက်ရှိလျှင် သျှမ်းပြည်တွင်းရှိ သံသယ လူနာများကို လျင်လျင်မြန်မြန် ဓါတ်ခွဲစမ်းသပ် နိုင်မှာဖြစ်ကြောင်းသိရသည်။

လက်ရှိ မှာ မြန်မာနိုင်ငံတွင် COVID-19 ရောဂါအတွက် စစ်ဆေးနိုင်သည့် စက်သည့် ရန်ကုန်မြိုရှိ အမျိုးသား ဓာတ်ခွဲခန်းတွင်သာ ရှိပါသည်။

ထို့ကြောင့် မြန်မာပြည် အနှံ့ရှိ COVID-19 သံသယ လူနာ၏ ဓာတ်ခွဲနမူနာကို ရန်ကုန်မြို့ထိ ပို့ဆောင်ရသည်မှာ ခက်ခဲမှုရှိသကဲ့သို့ သျှမ်းပြည် အတွင်းရှိ COVID-19 ဓာတ်ခွဲနမူနာကိုလည်း သက်ဆိုင်ရာမြို့နယ်မှ ကျန်းမာရေးဝန်ထမ်း တဦးက ယူဆောင်ကာ ကမ္ဘောဇ လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့အထိ လိုက်ပါပို့ဆောင်ပေးရသည်ဟု သိရသည်။

ယခုနောက်ပိုင်း သျှမ်းပြည် တဝှမ်းတွင် ကမ္ဘောဇ လေကြောင်းလိုင်းက ဧပြီ ၂၃ ရက် နှင့် ၂၉ ရက် ၂ ရက်သာ ပြေးဆွဲမည်ဖြစ်ပြီး ကျန်လေကြောင်းလိုင်းများသည်လည်း ဧပြီလကုန်ထိ ရက်ဆိုင်းထားကြောင်း လေကြောင်းလိုင်း အသီးသီးမှ ထုတ်ပြန်ကြေညာခဲ့သည်။

“ ဓာတ်ခွဲနမူနာတွေကို ကမ္ဘောဇ လေကြောင်းလိုင်းနဲ့ ပို့ကြတယ်။ လေကြောင်းက အခုလ ဆိုရင် ၂၃ရက်နဲ့၂၉ ရက်ပဲ ပြေးဆွဲမယ်ဆိုတော့ ကိုဗစ် ဓာတ်ခွဲနမူနာတွေ ဘယ်လို ပို့ကြမယ်ဆိုတာတော့ မသိတော့ဘူး” ဟု တာချီလိတ်မြို့ရှိ ကမ္ဘောဇ လေကြောင်းလိုင်း အရောင်းကိုယ်စားလှယ် တဦးက ပြောသည်။

မြန်မာနိုင်ငံတဝှမ်းတွင် COVID-19 ကူးစက်ခံရသူ (၁၁၁)ဦးရှိပြီး၊ သေဆုံးသူ ၅ဦးရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article