တာချီလိတ်အတွင်း စားသောက်ကုန်များ ဈေးတင်မရောင်းရန် အစိုးရထုတ်ပြန်

0

သျှမ်းပြည် အရှေ့ပိုင်း မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်မြို့ အတွင်း စားသောက်ကုန် ပစ္စည်းများ အဆမတန် တိုးမြှင့်ရောင်းချပါက ထိရောက်စွာ အရေးယူ သွားမည် ကြေညာချက်ထုတ်ထားသည်။

Photo by ThaiPBS North

တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီက ယနေ့ မတ်လ ၂၃ ရက် က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြည်သူများကို ကုန်ဈေးနှုန်းများ မတန်တဆ တိုးမြှင့်ရောင်းချသည့် ကုန်သည်များ စီးပွားရေး လုပ်ငန်းရှင်များ၊ ဈေးရောင်းချသူများအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေး တံတား ယနေ့မနက် မှ စတင်ကာ ရက် အကန့်အသတ် မရှိ ခေတ္တ ပိတ်ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်သူများအနေဖြင့် အရေးပေါ် ကျန်းမာရေး အခြေအနေ ၊ ပြည်သူများ စားဝတ်နေရေး အခက်အခဲမရှိ ပြေလည်စေရန် အတွက် နှစ်နိုင်ငံ အစိုးရ အဖွဲ့၏ ချိတ်ဆက်ဆွေးနွေး ညှိနှိုင်းကာ အမှတ်(၂) ချစ်ကြည်ရေး တံတားမှ လူသုံးကုန် ၊ စားသောက်ကုန် အပါအဝင် အိမ်သုံး၊ ဆောက်လုပ်ရေး သုံးပစ္စည်းများ၊ စက်သုံးဆီများအားနေ့စဉ် ဖြတ်သန်း သယ်ဆာင်ခွင့်ပေးသွားမည် ဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

ပြည်သူများအနေဖြင့်စိုးရိမ်မှု လွန်ကဲစိတ်ဖြင့် စားသောက်ကုန်၊ လူသုံးကုန်များ အများအပြား ဝယ်ယူစုဆောင်းခြင်း မပြုလုပ်ရန်နှင့် ရောင်းချသူများလည်း မိမိနိုင်ငံသားများကို ဖေးမ စာနာသည့် ဈေးနှုန်း မတန်တဆ တိုးမြှင့် ရောင်းချခြင်း များ မပြုလုပ်စေရန် သက်ဆိုင်ရာ က သတိပေးထားသည်။

Leave a Comments

SHARE