Covid-19 ထက် ဝမ်းရေး ပိုစိုးရိမ်နေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားဘဝ

0

အနီရောင် စာအုပ်ကို မြဲမြံစွာ ကိုင်ပြီး၊ တချို့ကတော့ အဝတ်သေတ္တာ၊ တချို့ကတော့ အဝတ်အိတ်တွေနဲ့ နေပူအောက်မှာ နာရီပေါင်းများစွာ ဇွဲမလျော့ပဲ စောင့်ဆိုင်းနေကြပါတယ်။

 

Photo by ဒေသခံတဦး၊ တရုတ်ပြည်ဝင်ရန် စောင့်ဆိုင်းနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ

မြန်မာ- တရုတ် မူဆယ်နယ်စပ် (၃) ဂိတ်မှာ တော့ တရုတ်ပြည်သွားပြီး အလုပ်လုပ်ဖို့အတွက် စောင့်ဆိုင်းနေတဲ့ သူတွေအပြည့်ပါပဲ။

၂၀၁၉ နှစ်နှောင်းပိုင်းက တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်ကနေ Novel Corona Virus (သို့) Covid-19 ကူးစက်မြန် အဆုတ်ရောင် ရောဂါ စတင်ဖြစ်ပွါးခဲ့ပါတယ်။

အဲဒီကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံ မှာ ဇန်နဝါရီ လကုန်ကစပြီး မတ်လဆန်းပိုင်းအထိ လုပ်ငန်းခွင် တွေ ရပ်ဆိုင်းခဲ့ရပါတယ်။

လုပ်ငန်းခွင်တွေအဲလို ရပ်ဆိုင်းလိုက်တော့ တရုတ်နယ်စပ် တွေမှာသွားရောက်အလုပ်လုပ်ကိုင်တဲ့ သူတွေ မိမိနေရပ်ကို ပြန်လာကြပြီး၊ ယနေ့မှာတော့ တရုတ်နိုင်ငံမှာ ကူးစက်မြန်ရောဂါ ကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် နေရပ်ပြန်တဲ့ရွှေ့ပြောင်းအလုပ်သမားတွေ တရုတ်ဘက်ကို အုတ်အုတ်သဲသဲ ပြန်ဝင်နေကြပါပြီ။

“ အခု တရုတ်တွေ အလုပ်ပြန်လုပ်နေပြီ။ဆိုင်တွေလည်း ပြန်ဖွင့်နေပြီဆိုတော့ ပြန်သွားတာပါ” လို့ ကျောက်မဲမြို့ က စိုင်းသန်း က ပြောပါတယ်။

Photo by ဒေသခံတဦး၊ တရုတ်ပြည်ဝင်ရန် စောင့်ဆိုင်းနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ

မြန်မာပြည်မှာ အလုပ်အကိုင် မရှိတဲ့အတွက် တရုတ်ပြည်ကို သွားပြီးအလုပ်လုပ်ရတာဖြစ်ကြောင်း၊ စက်ရုံတွေ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့အတွက် အခုလိုပြန်သွားရတာဖြစ်ကြောင်း စိုင်းသန်းက ပြောပါတယ်။

“ အလုပ်မရှိရင် ပိုက်ဆံက မရှိဘူး။ တလလောက်နားတော့ ပိုက်ဆံက ကုန်ပြီ။ ဒါကြောင့် စက်ရုံပြန်ဖွင့်လို့ ပြန်သွားရတာပါ” လို့ စိုင်းသန်း က ဆိုပါတယ်။

တရုတ်-မြန်မာနယ်စပ်ဖြတ်သန်းဖို့အတွက် စာအုပ်အနီလုပ်ရာမှာ ယခင်ကထက် ပိုက်ဆံ ပိုပေးရကြောင်း၊ စာအုပ်အနီ မဟုတ်ရင် အလုပ်ရှာရခက်ခဲကြောင်း တရုတ်ပြည်သို့ သွားရောက် အလုပ်လုပ်ရန် စာအုပ်လုပ်နေသူများက ရင်ဖွင့် ပြောလာပါတယ်။

တရုတ်ပြည်သို့ သွားရောက် အလုပ်လုပ်မည့်သူ တွေက အနယ်နယ် အရပ်ရပ်က ပြည်သူတွေ ဖြစ်ကြပြီး၊ များသောအားဖြင့် မကွေး၊ မင်းဘူး၊ မုံရွာ၊ ကျောက်မဲ၊ မိုင်းရှူး တို့ဘက်မှ လာသည့် သူများပိုများကြောင်း သိရပါတယ်။

“ စာအုပ် အနီရဖို့က ၄သောင်းခွဲပါ။ နောက် မြန်မာပြည် အထွက် က ၅ထောင် စုစုပေါင်း ၅သောင်းပေးရတယ်။ စာအုပ် မလုပ်ရင် အလုပ်လုပ်ရဖို့ ခက်တယ်” လို့ မင်းဘူး မြို့ မှ အသက် ၃၅ နှစ်ကျော် မောင်သက်အောင် က ပြောပါတယ်။

စာအုပ်အနီ ပြုလုပ်ရာတွင် ယခင်တွင် ၃သောင်းကျပ်သာ ပေးဆောင်ခဲ့ရပြီး လက်ရှိမှာ ၅သောင်းကျပ် ပေးဆောင်ရကြောင်း၊ ပိုက်ဆံ ပိုပေးရသည့်အတွက် အဆင်မပြေမှု ရှိသော်လည်း မြန်မာပြည် အလုပ်အကိုင်ရှားပါးသည့်အတွက် သွားရခြင်းဖြစ်ကြောင်း မောင်သက်အောင် က ဆိုပါတယ်။

“ မြန်မာပြည်က စက်ရုံတွေ အလုပ်တွေလည်း အခုဆိုပိတ်ကြ၊ လစာမရကြနဲ့။ မသက်နိုင်ဘူး” လို့ မောင်သက်အောင် က ပြောပါတယ်။

Photo by ဒေသခံတဦး၊ တရုတ်ပြည်ဝင်ရန် စောင့်ဆိုင်းနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ

ယခုရက်ပိုင်း တရုတ်နိုင်ငံတွင် Covid-19 အဆုတ်ရောင် ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်ပြီဖြစ်သဖြင့် အလုပ်ရှင်တွေက Wechat ကနေ တဆင့် ပြန်ခေါ်ကြတယ်လို့သိရပါတယ်။

“ တရုတ်ပြည်မှာ ဗိုင်းရပ်စ်ထိန်းနိုင်ပြီလို့ပြောတယ်။ အလုပ်ရှင်တွေကလည်း ပြန်ခေါ်နေတယ်ဆိုတော့ သွားတာပါ။ ဗိုင်းရပ်စ် ထက် ငတ်မှာပဲ ကြောက်တယ်” လို့ တရုတ်ပြည် ရွှေလီရှိ စားသောက်ဆိုင် တွင် အလုပ်လုပ်သည့် ကျောက်မဲသူ နန်းမေ က ပြောပါတယ်။

မြန်မာ- တရုတ် နယ်စပ် ဂိတ် များတွင် မြန်မာဘက်မှာ ကျန်းမာရေး ဝန်ထမ်းများ ထားရှိသကဲ့သို့ တရုတ်ဘက်တွင်လည်း ကျန်းမာရေးဝန်ထမ်းများ ထားရှိကာ ဝင်၊ထွက် သူတိုင်းကို အပူချိန် စစ်ဆေးမှုများပြုလုပ်ပါတယ်။

Photo by ဒေသခံတဦး

“ ၂ဖက်စလုံး ဝင်၊ထွက် အပူချိန်တိုင်းတယ်။ နေမကောင်းရင် ပေးမဖြတ်ဘူး” လို့ နန်းမေ က ပြောပြပါတယ်။

မြန်မာရွှေ့ပြောင်း အများစု က တရုတ်နိုင်ငံ ကျယ်ဂေါင်၊ ရွှေလီ၊ မန်စီ၊ ရင့်ကျန် တွေမှာ ရှိတဲ့ စက်ရုံတွေ စားသောက်ဆိုင်တွေ မှာ အလုပ်လုပ်ကြကြောင်း သိရပါတယ်။

မြန်မာ-တရုတ် မူဆယ် နယ်စပ်ဂိတ်မှာ တရက်လျှင် မြန်မာရွှေ့ပြောင်းအလုပ်သမား ဝင်၊ထွက်သွားလာမှုကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး မှ တာဝန်ရှိသူကို မေးမြန်းရာတွင် ပြန်လည် ဖြေကြားခြင်းမရှိပေ။

ဒါ့ကြောင့် နီးစပ်ရာ အသိုင်းအဝန်းကို မေးမြန်းရာ “ ကျနော် အထင် တရက်ကို လူဦးရေ ၁သောင်းကျော် ဝင်တယ်။ တရက် တရက် များလွန်းလို့ နေ့လည် ၂နာရီကျော် ၃နာရီ မှ စပြီး တန်းစီတဲ့သူဆိုရင် တရုတ်ပြည်ထဲ မဝင်ရလို့ မူဆယ်ပြန်အိပ်ရတာ ရှိတယ်” လို့ သျှမ်းသံတော်ဆင့် ကို ပြောပြပါတယ်။

လွန်ခဲ့သည့် ရက်တပတ် ကတည်းက တရုတ်ပြည်ကို ဝင်ရောက်တဲ့ ရွှေ့ပြောင်းအလုပ်သမား တရိပ်ရိပ်တက်လာကြောင်း၊ မူဆယ်တွင် ယခင်ကအတိုင်း စီးပွားရေး တွေ ပြန်လည် လုပ်ကိုင်နေကြောင်းလည်း ကားသမား စိုင်းအိုက် က ပြောပြပါတယ်။

“ ဒီမှာက ပုံမှန်ပဲ။ ဘာမှ ကြောက်စရာ မရှိဘူး။ နယ်ခံတွေကတော့ တရုတ်ဘက်သွားလည်တာ နည်းတယ်။ အလုပ်သွားလုပ်တဲ့သူပဲများတာ” လို့ စိုင်းအိုက် ကဆိုပါတယ်။

ဆက်လက်ပြီး မူဆယ်မြို့ နယ်စပ် ဒေသတလျောက် Covid-19 နှင့် ပတ်သက်ပြီး ဆောင်ရွက်ချက်များကို မူဆယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဟန်နိုင်ထွန်း ကို သျှမ်းသံတော်ဆင့် မေးမြန်းရာ ဖုန်းဖြင့် မဖြေဆိုနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယခုရက်တပတ်အတွင်း မြန်မာ အိမ်နီးချင်း တရုတ်နိုင်ငံ တွင် Covid-19 ကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ထိုင်းနိုင်ငံ မှာတော့ ကူးစက်ခံရသူ ပိုများလာတာ တွေ့ရပါတယ်။

တရုတ်နယ်စပ် မူဆယ်မြို့ သည် Covid-19 နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မှ ဒေသခံ ပြည်သူများကို ချပြမှု အားနည်းကြောင်းလည်း မူဆယ်ဒေသခံများ ပြောပြချက် အရ သိရပါတယ်။

လက်ရှိ အချိန်ထိ မြန်မာနိုင်ငံတွင် Covid-19 ကူးစက်ခံရသူ တဦးတယောက်မျှ မရှိသေးကြောင်း၊ စောင့်ကြည့် ၊ သံသယရှိလူနာ ၁၃၃ဦးထဲတွင် မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် အမျိုးသားတဦး Covid-19 စောင့်ကြည့်လူနာအဖြစ် ရောက်ရှိနေကြောင်း မြန်မာနိုင်ငံ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက် အရ သိရပါတယ်။

ဒါ့ပေမယ့် မြန်မာနိုင်ငံမှာ Covid-19 သံသယ စောင့်ကြည်နေရတဲ့ လူနာ ၅ဦး ရှိပြီး ၄ဦး မှာ တော့ ဓာတ်ခွဲခန်း စစ်ဆေးချက် အရ ခိုရိုနာ ဗိုင်းရပ်စ် မရှိတဲ့ အဖြေထွက်ခဲ့ပါတယ်။

ထို သံသယရှိစောင့်ကြည့်လူနာ သေဆုံထဲတွင် သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ ဆေးရုံ က လူနာ တဦးလည်း ပါကြောင်း သိပါတယ်။


eastern_breeze
SHARE