မိုင်းကိုင်မြို့နယ် တွင် RCSS နှင့် တပ်မတော် ယနေ့ထိ တိုက်ပွဲ တင်းမာနေဆဲ

0

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော် တို့ ယနေ့ချိန်ထိ စစ်ရေး တင်းမာ မှု ရှိနေသေးကြောင်း သတင်းရရှိသည်။

 

Photo by RCSS/SSA

မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု အတွင်း သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော်( RCSS/SSA) နှင့် အစိုးရတပ်မတော်သည်ယမန်နေ့ (ဖေဖော်ဝါရီ ၂၇) နေ့မှ စတင်ကာ စစ်ရေး ပြင်းထန်ခဲ့ကြရာ ယနေ့ ချိန်ထိ တိုက်ပွဲ ဖြစ်ပွားနေသေးကြောင်း RCSS/SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့် သို့ အတည်ပြုပြောကြားသည်။

“ အခုထိ တိုက်ပွဲ က မငြိမ်သေးဘူး။ မနေ့ကလိုတော့ တိုက်ပွဲ မပြင်းထန်တော့ဘူး။ တပ်မတော်က တပ်မဆုတ်သေးဘူး။ သူတို့ တပ်မဆုတ်သရွေ့တော့ စစ်ရေးတွေ တင်းမာမယ်” ဟု ဗိုလ်မှူး ခမ်းစံ က ဆိုသည်။

တိုက်ပွဲအပြီး တပ်မတော်၏ လက်နက်များ ကို RCSS/SSA ဘက်မှ သိမ်းဆည်းရမိကြောင်း မြေပြင် တိုက်ပွဲတွင် တာဝန်ကျသည့် RCSS/SSA အရာရှိတဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သို့သော် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး RCSS/SSA ပြန်ကြားရေး ဗိုလ်မှူး ခမ်းစံ ကို မေးမြန်းရာ “ အခု တိုက်ပွဲဖြစ်နေတဲ့အချိန်ဆိုတော့ ပြောလို့မရသေးဘူး” ဟု သျှမ်းသံတော်ဆင့် ကို ပြောပြသည်။

ယမန်နေ့ တွင် တိုက်ပွဲသည် မနက် ၈နာရီ ခွဲမှ စတင်ကာ ညနေ ပိုင်းထိ ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့တွင်လည်း ယခုချိန်ထိ တိုက်ပွဲ တင်းမာနေဆဲ ဖြစ်ကြောင်းသိရသည်။

သျှမ်းပြည် အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲကို မတ်လ အတွင်း ပြုလုပ်ရန် RCSS/SSA မှ ယခုလ ၂၄ ရက်ရက်ကြေငြာချက်ထုတ်ပြန်ထားပြီး လင်းခေးမြို့တွင် ပြုလုပ်ရန်လျာထားကြောင်း ပြောခွင့်ရက သျှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့သည်။

ထို့ပြင် NCA လက်မှတ်ေးထိုးထားသော RCSS/SSA သည် စတုတ္ထအကြိမ်မြောက် ၂၁ပင်လုံ ညီလာခံ ဖြစ်မြောက်လာရန် အတွက် ဦးဆောင်သည့် အဖွဲ့ တဖွဲ့လည်း ဖြစ်သည်။

ထိုလက်ရှိ တိုက်ပွဲကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ယုံကြည်မှုများ ပျက်ပယ်နိုင်သည် ဟု နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ် ပြောဆိုသည်။

“ အခုလို တိုက်ပွဲထပ်ဖြစ်တယ်ဆိုတော့ ပထမ အချက်က ယုံကြည်မှုကို အထူး ထိခိုက်စေတယ်။နောက်တချက်က ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်ကိုလည်း ပဲ အနှောက်အယှက်ဖြစ်စေပါတယ်” ဟု သျှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး စိုင်းလိတ် က ပြောသည်။

RCSS/SSA သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်သည့် အဖွဲ့ (PPST) ဥက္ကဌ ရာထူး ယူထားသည့် အတွက် တိုက်ပွဲ ဆက်ဖြစ်မည်ဆိုပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) လုပ်ငန်းစဉ်ကို ရပ်တန်သွားနိုင်ကြောင်း စိုင်းလိတ် က သုံးသပ်ပြောသည်။

“ ပွတ်တိုက်မှုတွေ မဖြစ်တာ အကောင်းဆုံးပါပဲ” ဟု လည်း စိုင်းလိတ်က မှတ်ချက်ပြုလိုက်သည်။

တပ်မတော်သည် တနိုင်ငံလုံး ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်ရေး သဘောတူညီစာချုပ် ( NCA) လက်မှတ်ရေးထိုးထားသည့် ကရင် အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ဖာပွန်နယ်မြေ အတွင်းတွင်လည်း တိုက်ပွဲဖြစ်နေပြီး၊ RCSS/SSA ဧရိယာ မိုင်းကိုင်မြို့နယ် ဟမ်းငိုငး ကျေးရွာ ဘက်တွင်လည်း တိုက်ပွဲဖြစ်နေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က ပြောသည်။

ထိုတိုက်ပွဲတွေ ဖြစ်ပွားမှုကြောင့် ဦးမောင်မောင်စိုး က “ ကျနော်အမြင်ကတော့ မတ်လမှာလုပ်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ထိခိုက်နိုင်မယ်လို့ ကျနော်ထင်တယ်။ အဲ့မှာ ဖြေရှင်းဖို့ ကြိုးစားမလား။ အဲ့ဒါကို မဖြေရှင်းဘူးလား ဆိုတာ စောင့်ကြည့်ရမယ့် ပြဿနာ ဖြစ်ပါတယ်” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

မတ်လဆန်းပိုင်းတွင် ကျင်းပမည့် အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် တိုင်းရင်းသားလက်နက်ကိုင်များ အဖွဲ့ EAOs တို့ တွေ့ဆုံ ပြီး ပြဿနာကို မဖြေရှင်းနိုင်ပါက “ လင်းခေး” တွင် ကျင်းပမည့် သျှမ်းပြည် အမျိုးသား အဆင့်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကို ထိခိုက်နိုင်ကြောင်း ဦးမောင်မောင်စိုးက ပြောဆိုလိုက်သည်။

ဆက်လက်ပြီး ဦးမောင်မောင်စိုး က “ ငြိမ်းချမ်ေးရး လုပ်ငန်းစဉ် အရှိန်ကောင်းလာပြီး သဘောတူညီချက်တွေ ရလာပြီဆိုရင် တိုက်ပွဲတွေပေါ်လာတက်တာလည်း ထူးဆန်းပါတယ်။ ဒါကို တဖက်နဲ့ တဖက် ထိန်းချုပ်မှု မရှိဘူး။ စစ်ရေး တိုက်ပွဲဖော်နေတာကတော့ ငြိမ်းချမ်းရေး အတွက် အဖြေထုတ်စရာပါပဲ” လို့ ထောက်ပြ ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့် အခြေအနေ နှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်မေးမြန်းရာ မရရှိခဲ့ပေ။

Leave a Comments

SHARE