သိန္နီမြို့တွင် ယာဉ်တိုက်မှု ဖြစ် ကျောင်းသား၂ဦး ပွဲချင်းပြီး သေဆုံး

0

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့ တွင် ယာဉ်တိုက်မှု ဖြစ်ပွားကာ ကျောင်းသား ၂ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။


Photo by သိန္နီမြို့ အနှိုင်းမဲ့ လူမှုကူညီရေးအသင်း/ ကားတိုက်မှုကြောင့် သေဆုံးသွားသည့် ကျောင်းသား ၂ဦး အလောင်း

ဖြစ်စဉ်မှာ ယနေ့ ( ဖေဖော်ဝါရီ ၂၄) ရက်မနက် ၇နာရီခွဲ တွင် သိန္နီမြို့နယ် ကောင်းဟော် အုပ်စု ဟိုတာကျေးရွာတွင် ကျောင်းသား ၃ဦး စီးလာသည့် ဆိုင်ကယ်သည် ဆီဆိုင်တွင် ဆီသွားဖြည့်ပြီး အထွက် လမ်းပြောင်းပြန်မောင်းရာမှ ၆ဘီး ကုန်တင်ကားဖြင့်တိုက်မိကာ ၂ဦး ပွဲချင်းပြီး သေဆုံးကာ တဦး ဒဏ်ရာရရှိခဲ့ကြောင်း သိန္နီမြို့ အနှိုင်းမဲ့ လူမှုကူညီရေး အသင်းမှ စိုင်းဖ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ကျောင်းသား ၃ဦးပါ။ ဆီဆိုင်မှာ ဆီဖြည့် ပြီး အထွက် လမ်းပြောင်းပြန်မောင်းလာရင်နဲ့ ကုန်ကားနဲ့တိုက်မိတာ။ ကားအောက်ရောက်သွားတယ်။ ၂ဦးက တော့ ပွဲချင်းပြီး သေသွားတယ်။ ၁ဦးကတော့ ဒဏ်ရာ မစိုးရိမ်ရဘူး” ဟု စိုင်းဖ က ဆိုသည်။

သေဆုံးသွားသူ ၂ဦးအနက် တဦးမှာ အသက် ၁၃နှစ်အရွယ် ၈တန်းကျောင်းသားဖြစ်ပြီး၊ တဦးမှာ အသက် ၁၄နှစ်အရွယ် ကိုးတန်းကျောင်းသားဖြစ်သည်။

ထို သေဆုံးသူ ၂ဦးကို ယနေ့ ညနေပိုင်းတွင် မီးသဂြိုလ်လိုက်ကြောင်း သိရသည်။

ယနေ့သည် ၄တန်း နှင့် ၈တန်း ကျောင်းသားများ စာမေးပွဲ ဖြေဆိုသည့် နေ့ ဖြစ်သည်။

“ ကလေးတွေ က ဘာမှ မသိသေးဘူး။ ဆိုင်ကယ်ပေးမစီးတာ အကောင်းဆုံးပဲ။ ဆယ်ကျော်သက် အရွယ်ဆိုတော့ ဆိုင်ကယ်စီးရင် အရှိန်မြင့်ပြီး ရှိတက်တယ်။ မိဘတွေ ပေးမစီးတာ အကောင်းဆုံးပဲ” ဟု စိုင်းဖ က ပြောသည်။

သိန္နီမြို့ သည် လားရှိုး နှင့် မူဆယ် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည့် အလျောက် ၂၂ဘီးကားများ၊ ၁၂ဘီးကားများ၊ မော်တော်ကားသေးများ ပြေးဆွဲသည့် လမ်းကြောင်းလည်း ဖြစ်သည်။

ထို့ကြောင့် အရွယ်မရောက်သေးသည့် ကလေးငယ်များ ဆိုင်ကယ်များ မစီးကြရန်လည်း သိန္နီဒေသခံများက ပြောသည်။

Leave a Comments

SHARE