သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ ပြည်သူ့ဆေးရုံတွင် Novel Corona Virus ( နိုဗယ်လ် ခိုရိုနာ) ကူးစက်မြန် အဆုတ်ရောင် ရောဂါ သံသယရှိသူ တဦး ထပ်မံတိုးလာကြောင်း သတင်းရရှိသည်။

လားရှိုးမြို့ ပြည်သူ့ဆေးရုံတွင် နိုဗယ် ခိုရိုနာ ဗိုင်းရပ်စ် သံသယရှိသူ တဦးထပ်မံတိုးလာကြောင်း၊ ထိုသံသယရှိသူ၏ ဆေးစစ်ချက်ကို ပို့ရန် စီစဉ်လျက်ရှိကြောင်းလည်း အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန က ဖေဖော်ဝါရီ ၁၆ ည ၈နာရီ တွင် ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိမှာ လားရှိုးမြို့တွင် ခိုရိုနာ ဗိုင်းရပ်စ် သံသယရှိသူ ၂ဦး ရှိကြောင်း၊ ထိုသူ ၂ဦးကို သီးသန့် ခွဲထားပြီး စောင့်ကြည့်နေရကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန် ချက်တွင် ရေးသားထားသည်။
သျှမ်းပြည် အရှေ့ပိုင်း မိုင်းခတ်မြို့ ရှိ ခိုရိုနာ သံသယရှိသူတဦး၏ ဆေးစစ်ချက် အဖြေသည် ယမန်နေ့ (ဖေဖော်ဝါရီ ၁၆) ရက်တွင် ခိုရိုနာ ဗိုင်းရပ်စ် ကင်းစင်ကြောင်းကို လည်း ထုတ်ဖော်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့၊ တောင်ကြီး စဝ်စံထွန်းဆေးရုံ နှင့် မောက်မယ်ဆေးရုံရှိ ခိုရိုနာ သံသယရှိသူများအတွက်အဖြေမှာလည်း ခိုရိုနာ ကင်းစင်ကြောင်း ထွက်လာသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ခိုရိုနာ သံသယရှိသူ အဖြစ် စောင့်ကြည့်ခံရသူ ၃၈ ဦးရှိခဲ့ပြီး၊ ထိုထဲတွင် ဆေးစစ်ချက် အဖြေအရ လူနာ ၂၈ ဦးသည် ခိုရိုနာ ကင်းစင်ကြောင်း၊ ကျန်သူများမှာ ဆေးစစ်ချက် မရသေးကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၁၆ ရက်ထုတ်ပြန်သော စာရင်းအရသိရသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည့် ခိုရိုနာ ဗိုင်းရပ်စ် ကူးစက်မြန် အဆုတ်ရောဂါသည် ကမ္ဘာ့ နိုင်ငံ ပေါင်း ၂၈ နိုင်ငံ ကူးစက်ခံရသူ ၇၁၃၃၀ ဦးရှိပြီး၊ ဖေဖော်ဝါရီ ၁၇ရက် မနက်ပိုင်းအချိန်ထိ သေဆုံးသူ ၁၇၇၅ ဦးရှိကာ ပြန်လည်နေကောင်းလာသူ ၁၀၆၁၀ ဦးရှိသည်ဟုလည်း တရုတ်နိုင်ငံကျန်းမာရေးဌာနမှ ထုတ်ပြန်ချက်အရ South China Morning Post သတင်းဌာနက ထုတ်ပြန်ထားသည်။











Leave a Comments