တာချီလိတ်တွင် တရားမဝင်နေထိုင်သူ ထိုင်းအမျိုးသားတဦးထံမှ လက်နက်များ တွေ့ရှိ

0

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် တရားမဝင်နေထိုင်သည့် ထိုင်းနိုင်ငံသားတဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

Photo by တာချီလိတ်ရဲစခန်း

ရက် ၉၀ “ ကျားမင်း စီမံချက်” ကာလအတွင်း ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၆နာရီခွဲ ၌ တာချီလိတ်မြို့ ဆန်ဆိုင်း(က)၊ အုန်းခြံလမ်းရှိ ငှားရမ်းနေထိုင်သည့်အိမ်ကို ဝင်ရောက် ရှာဖွေရာ ထိုင်းနိုင်ငံသား စီကြီးချက်(အင်းစင်) (ခ) ပေါင်အား ကို တွေ့ရကြောင်း တာချီလိတ်မြို့ ရဲစခန်းမှ တာဝန်ရှိသူ တဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

၎င်းထံမှ ပစ္စတို သေနတ်(၁)လက်၊ ကျည်ဆံ (၁၆)တောင့်၊ ကျည်အိမ် တခု တို့ကိုလည်း သိမ်းဆည်းရမိကြောင်း လည်း သိရသည်။

“ တရားမဝင်နေထိုင်တဲ့ ထိုင်းနိုင်ငံသား ကို ဖမ်းဆီးထားတာ ဟုတ်ပါတယ်။ လက်နက်တွေလည်းပါတယ်။ ထိုင်းနိုင်ငံသားက စိုင်းလှ(ခ) စိုင်းဆမ် နာမည် ကို သုံးပြီးနေနေတာပါ ” ဟု ရဲတပ်ဖွဲ့ဝင် တဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးရမိသည့် တရားမဝင်နေထိုင်သည့် ထိုင်းနိုင်ငံသား ကို တာချီလိတ်မြို့မရဲစခန်း တွင် (ပ)၁၀၆/ ၂၀၂၀ သျှမ်းလက်နက် ၁၂(က) ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့ တွင် မှုခင်းကျဆင်းရေး နှင့် တရားဥပဒေ စိုးမှုရေး ရက်(၉၀) “ ကျားမင်း စီမံချက်” ဆောက်ရွာက်နေစဉ်အတွင်း သေနတ်ပစ်ခံရပြီး အမျိုးသားတဦး သေဆုံးခဲ့ပြီး၊ ထိုင်းနိုင်ငံသားတဦး သေနတ်ဖြင့် ရမ်းပစ်သည့် အမှု တခု ရှိခဲ့ကြောင်း သိရသည်။

Leave a Comments