ဝူဟန်ရောဂါကြောင့် နမ့်ခမ်းမြို့ သျှမ်းပြည်အမျိုးသားနေ့ပွဲ မကျင်းပ

0

လက်ရှိကူးစက်ပြန့်ပွားနေသော ဝူဟန်မှ ကိုရိုနာဗိုင်းရပ်စ်အား တတ်နိုင်သည့်ဘက်မှ ကာကွယ် တားဆီး ရန်အတွက်ရည်ရွယ်ပြီး   လာမည့် ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင်  ကျင်းပရန်စီစဉ် ထား သည့် သျှမ်းပြည်အမျိုးသားနေ့ပွဲတော်အား ဖျက်သိမ်းလိုက်ကြောင်း နမ့်ခမ်းမြို့ ပွဲဖြစ်မြောက်ရေး ကော်မတီ ကအရေးပေါ် အစည်းအဝေးခေါ်ယူကာ ကြေငြာလိုက်သည်။

SHAN-သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားကျင်းပရေးအတွက် ဖေဖော်ဝါရီလ ၁ ရက်က အရေးပေါ်အစည်းအဝေး

ဖေဖေါ်ဝါရီလ ၁ ရက်နံနက်ပိုင်းက ပွဲဖြစ်မြောက်ရေးကော်မတီမှ ဒေသခံရပ်မိရပ်ဖများအား  အရေးပေါ် အစည်းအဝေးတရပ်ခေါ်ယူကာ  သျှမ်းပြည်အမျိုးသားနေ့ပွဲ မကျင်းပရန် သဘော တူညီမှုရယူခဲ့သည်။

“နမ့်ခမ်းမြို့ တရုတ်နယ်စပ်မြို့ဖြစ်တဲ့အလျောက် ကျနော်တို့ဘက်ကို ရောဂါကူးစက်မလာနိုင်အောင် တတ်နိုင် သမျှ ကြိုတင်ကာကွယ်ထားတဲ့သဘောပါ။ တဖက်ကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကလည်း ဒါကို အရေးပေါ်အခြေအနေကြေငြာထားတာကြောင့် ကျနော်တို့လည်းစိုးရိမ်တယ်လေ။ ဒါကြောင့်လူစုလူ ဝေး မရှိရအောင် ဒီဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ၇၃ နှစ်မြောက်သျှမ်းပြည်နယ်နေ့အခမ်းအနားကို မကျင်းပတော့ဘူးဆိုပြီး ဆွေးနွေးဆုံးဖြတ်ရခြင်းဘဲဖြစ်ပါတယ်” – ဟု ပွဲဖြစ်မြောက်ရေးကော်မတီ ပြောခွင့်ရ စိုင်းမောက်ဆိုင်က သျှမ်းသံတော်ဆင့်အားပြောသည်။

သျှမ်းပြည်အမျိုးသားနေ့ပွဲတော်အား ကျင်းပမည် မဟုတ်တော့ကြောင်း ဒေသခံများအား အသိပေးသည့် ထုတ်ပြန်ကြေငြာချက်တွင် – ကမ္ဘာ့ကျန်းမာရေး WHO က နိုဝယ်လ် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ကမ္ဘာတဝှမ်းလုံး အရေးပေါ်အခြေအနေထုတ်ပြန်ထားမှု၊ နမ့် ခမ်းမြို့သည် တရုတ်နိုင်ငံနှင့်နယ်နမိတ်ချင်းထိစပ်မှု၊ ရောဂါပိုးကူးစက်မှုနှုန်းမြန်ဆန်လာမှု  အစရှိ အဓိက အကြောင်းအရာ ၅ ချက်တို့ကြောင့် ဖြစ်ကြောင်း ပါဝင်သည်။

ထိုရောဂါပိုး ကူးစက်ပျံ့ပွားမှုမြန်ဆန်ခြင်းကြောင့် ယမန်နေ့ကလည်း နမ့်ခမ်းမြို့နှင့်ကပ်လျက်ရှိသည့် တရုတ် – မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့တော်မူစယ်မြို့ကလည်း သျှမ်းပြည် အမျိုးသားနေ့ပွဲတော် မကျင်းပ တော့ကြောင်းထုတ်ပြန်ကြေငြာထားသည်။

၁၉၄၇ ပင်လုံ ကတိကဝတ် သမိုင်းဖြစ်စဉ်များအား နောင်လာနောက်သားများ မမေ့ပျောက်စေရန်အတွက် ဖေဖေါ်ဝါရီလ ၇ ရက်တွင် ကျရောက်မည့် ၇၃ နှစ်မြောက် သျှမ်းပြည်နယ် အမျိုးသားနေ့တွင်  အိမ်တိုင်း သျှမ်းပြည်အမျိုးသားအလံတော် လွှင့်ထူထားရန် မူစယ်၊ နမ့်ခမ်း ပွဲဖြစ်မြောက်ရေးကော်မတီများက အသီးသီးတိုက်တွန်းထားသည်။

လက်ရှိတွင် နိုဝယ်လ် ကိုရိုနာ ဗိုင်းရပ်စ် ခေါ် ဝူဟန် ဗိုင်းရပ်စ် ရောဂါကူးစက်မှုကြောင့် နောက်ဆုံးရ ကမ္ဘာ့သတင်းများအရ တရုတ်နိုင်ငံတွင် လူဉီးရေ ၂၅၉ သေဆုံးပြီး ကမ္ဘာတဝှမ်း ၂၂ နိုင်ငံတွင် ရောဂါပိုးကူးစက်ခံရသူ  လူဉီးရေ ၁၂၀၂၇ ဉီး ရှိပြီဟု SCMP (South China Morning Post) သတင်းဌာနမှ ထုတ်ပြန်ချက်အရသိရသည်။

 

Leave a Comments

SHARE