ကျောက်မဲမြို့ပေါ်သို့ စစ်ရှောင်များ ထပ်မံရောက်လာ၊ စားဝတ်နေရေး လိုအပ်

0

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ပေါ် သို့ ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက် ညပိုင်းက စစ်ရှောင်များ ထပ်မံ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

Photo by Tar Zaw/ယမန်နေ့ ည ထွက်ပြေးလာသည့် စစ်ရှောင်များ

တိုက်ပွဲများ ထပ်မံ ဖြစ်ပွားလာမည် ကို စိုးရိမ်စိတ်ကြောင့် ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာ အုပ်စု အုံးအွီး ကျေးရွာ မှ ဒေသခံ သည် ၄၃ဦး စစ်ရှောင်လာကြောင်း၊ လက်ရှိတွင် ကျောက်မဲမြို့ ရပ်ကွက်(၈) ဓမ္မာရုံ တွင် နေရာချထားကြောင်း ကျောက်မဲမြို့ စစ်ရှောင် ကူညီရေး ကော်မတီ မှ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ မနေ့က စစ်ရှောင် ၄၃ဦး ရောက်လာတယ်။ အဓိက တော့ စားဝတ်နေရေး၊ လိုအပ်တယ်။ အခုက အရမ်းအေးတော့ စောင်တွေ အနွေးထည်တွေလည်း လိုအပ်တယ်။ သူတို့က အရေးပေါ် ထွက်လာတာဆိုတော့ လိုအပ်ချက်တွေ တော့များတယ်” ဟု ဦးတင်မောင်သိန်း က ဆိုသည်။

ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာအုပ်စု အတွင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော် တို့ ထိတွေ့မှု မကြာခဏ ဖြစ်ပွားကာ ဒေသခံများလည်း နေရပ်စွန့်ခွာမှု မကြာခဏ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

“ ဒီစစ်ရှာင်တွေက မကြာခဏ တိမ်းရှောင်နေတဲ့ ပြည်သူတွေပါ။ အခုလည်း တိုက်ပွဲ တော့ မဖြစ်ပေမယ့် သူတို့ဘက်မှာ တိုက်ပွဲထပ်ဖြစ်မှာ ကြောက်လို့ ထွက်ပြေးလာတာပါ” ဟု ကျောက်မဲမြို့ အိုမ်တမောဝ် လူမှု ကူညီရေး အသင်းမှ အဘမ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယမန်နေ့ ကျောက်မဲမြို့ ပေါ်သို့ ရောက်လာသည့် စစ်ရှောင်များအတွက် အစားအသောက် များ၊ နေရာ ထိုင်ခင်းများနှင့် အေးချမ်းသည့် ရာသီဖြစ်သည့်အတွက် စောင်များ၊ အနွေးထည်များ လည်း လိုအပ်ကြောင်းလည်း အဘမ်း က ပြောသည်။

Photo by Tar Zaw/ယမန်နေ့ ည ထွက်ပြေးလာသည့် စစ်ရှောင်များ

လွန်ခဲ့သည် ဒီဇင်ဘာ ၇ ရက်နေ့တွင်လည်း ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာ ဒေသခံ ၈၀ ကျော်သည် ကျောက်မဲမြို့ ပေါ်သို့ ထွက်ပြေးလာပြီး ဆွေမျိုးများအိမ်တွင် နေထိုင်ကြကြောင်း လည်း လူမှုကူညီရေး အသင်း များက ပြောသည်။

“တချို့ စစ်ရှောင်တွေ က ဆွေမျိုးအိမ်မှာ လာနေကြပေမယ့် အခက်အခဲတော့ ရှိကြမှာပဲ။ ဆွေမျိုးအိမ်မှာ ရက်အကြာရင်နေရင်လည်း ဘယ်လို အဆင်ပြေမလဲ။ စစ်ရှောင်တွေ အားလုံး စုနေရင်တော့ ကောင်းတာပေါ့” ဟု အဘမ်း က ထပ်လောင်းပြောသည်။

ကျောက်မဲမြို့နယ် အတွင်း မြန်မာ့ တပ်မတော် နှင့် TNLA တို့သည် နိုဝင်ဘာ မှစတင်ကာ တိုက်ပွဲ ဖြစ်ပွားကာ စစ်ရှောင် ၇၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။

Leave a Comments

SHARE