တအာင်းလူမှုအဖွဲ့အစည်းရုံး နှင့်နေအိမ် စစ်ဆေးခံရ

0

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းရှိ တအာင်း လူမှုအဖွဲ့အစည်းရုံး၊ နေအိမ်များကို မြန်မာ့ တပ်မတော်မှ ဝင်ရောက် စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

Lashio -လားရှိုး

 

နိုဝင်ဘာ ၁၆ ရက် လားရှိုးမြို့ ပေါ်တွင် ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ပွားခင် မနက် အစော ပိုင်းနှင့် ဖြစ်ပွားမှု အပြီးတွင် မြန်မာ့ တပ်မတော် နှင့် ရဲတပ်ဖွဲ့တို့က သွားရောက် စစ်ဆေးခဲ့ကြောင်း တအာင်းလူမှု အဖွဲ့အစည်း လုပ်ဆောင်နေသူများကပြောသည်။

နို၀င်ဘာလ ၁၆ ရက် နံနက် ၄ နာရီခွဲနှင့် နေ့လည် ၂ နာရီတို့တွင် တအာင်းကျောင်းသားနှင့် လူငယ် အဖွဲ့ TSYU ရုံးကို မြန်မာ့တပ်မတော် နှင့် ရဲတပ်ဖွဲ့ အင်အား ၂၀ ကျော် ဝင်ရောက် စစ်ဆေးခဲ့ရာ မည်သည့် ကိစ္စဖြင့် လာရောက်စစ်ဆေးသည့်ကို သေချာမသိရှိကြောင်း TSYU မှ ပြောရေးဆိုခွင့်ရှိသူ လွေးပိုဂျေး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ၂ ကြိမ်လာစစ်တယ်။ မနက် ၄ နာရီခွဲကတည်းကလာစစ်တာ။ ကျမတို့တောင် မထသေးဘူး။ နောက်တကြိမ်က နေ့လည် ၂နာရီဝန်းကျင် လားရှိုးမှာ ရှော့တိ်ုက် လာပစ်ပြီးတဲ့အချိန်ပါ။ သူတို့ သံသယ မှုနဲ့လာတယ်လို့ထင်တယ်။ လူအဝင်အထွက် ရှိလားလို့မေးတယ်” ဟု လွေးပိုဂျေး က ဆိုသည်။

Photo Credit RFA -လားရှိုး

ထိုကဲ့သို့ အကြောင်းမဲ့လာရောက်စစ်ဆေးခြင်းမှာ တအာင်းလူမှု အဖွဲ့အစည်းကို ခြိမ်းခြောက်နေသည် ဟုမြင်ကြောင်း၊ လက်နက်အင်အား လူအင်အား အပြည့်ဖြင့်လာရောက် စစ်ဆေးသည့်အတွက် ထိတ်လန့်မှု ဖြစ်ပွားခဲ့ကြောင်းလည်း လွေးပိုဂျေး က ပြောသည်။

“ စစ်သားကစစ်သား။ အရပ်သားက အရပ်သား ။ လူမျိုးကလူမျိုး လုပ်နေတဲ့အလုပ်မတူဘူး။ ဒီလို ဝင်စစ်တာက ကျမတို့ ကို အမြဲတမ်းစောင့်ကြည့်နေတယ်လို့မြင်တယ်။ လူမျိုးကို အဓိက ထားတိုက်ခိုက်နေတယ်လို့မြင်တယ်” ဟု လွေးပိုဂျေး က ထပ်လောင်းပြောကြားသည်။

ထိုနည်းတူ နိုဝင်ဘာ ၁၆ ရက် ကလည်း တအာင်း ဥပဒေ ထောက်ကူပြု အဖွဲ့ မှ မိုင်းမျိုးအောင် နေအိမ် နှင့် ရပ်ကွက် တချို့ တအာင်းနေအိမ်များကိုလည်း မြန်မာ့တပ်မတော် နှင့် ရဲတပ်ဖွဲ့ မှ ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

“ ကျနော့်အိမ်ကို ဝင်စစ်တာက ၁၆ ရက်နေ့ ညနေ ၄နာရီခွဲပါ။ ရပ်ကွက် အုပ်ချုပ်ရေးတွေ ရဲတွေစစ်တပ်တွေ ပါတယ်။ အယောက် ၂၀ကျော်ပါတယ်။ ဧည့်သည်ရှိလားမေးတယ်။ ဧည့်သည်ရှိရင်သူတို့ ဆီ အကြောင်းကြားဖို့ ပြောတယ်” ဟု မိုင်းမျိုးအောင် က ပြောသည်။

နေအိမ်သို့ လာရောက်စစ်ဆေးသူများသည် အယောက် ၂၀ ကျော်ရှိပြီး၊ နေအိမ်အတွင်းရှိ အခန်းတိုင်းကို ဝင်ရောက် ကာ စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း မိုင်းမျိုးအောင် ကဆိုသည်။

“အိမ်ထဲကို ဝင်ပြီး အခန်းတွေကို လိုက်ကြည့်တယ်။ ပစ္စည်းတွေကို မွှေနှောက်တာတော့မရှိဘူး” ဟု မိိုငး်မျိုးအောင် ကပြောသည်။

ထိုကဲ့သို့ အကြောင်းမဲ့ ဝင်ရောက်စစ်ဆေးမှုသည့် ဥပဒေ ကြောင်းအရ အကြောင်းပြချက် မရှိဘဲ ဝင်ရောက်ရှာဖွေခွင့်မရှိကြောင်း မိုင်းမျိုးအောင်က ပြောသည်။

“ ဒီကိစ္စ သေချာတာကတော့ လက်နက်ကိုင် အချင်းချင်းဖြစ်တဲ့ကိစ္စမှာ တအာင်းလူမျိုးတွေကို ဦးတည်ပြီး လူထုကို ဦးတည်ပြီး လုပ်တာက လူမျိုးရေးအသွင်ဆောင်တဲ့သဘောမျိုး ဖြစ်တယ်။ လူမျိုးတမျိုးလုံးကို ဦးတည်ပြီးပြုလုပ်တယ်” ဟု မိုင်းမျိုးအောင် က ဆိုသည်။

တအာင်း လူမှု အဖွဲ့အစည်း၊ တအာင်း ပရဟိတ ဘော်ဒါဆောင် နှင့် တအာင်း ပညာရေးဖောင်ဒေးရှင်း ကိုပါဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခြင်းသည် တအာင်း လူမှု အဖွဲ့အစည်းတရပ်ကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်ကြောင်း အာဏာရှင် စနစ်ဖြစ်ကြောင်းလညး် မိုင်းမျိုးအောင် က ထပ်လောင်းပြောသည်။

နိုဝင်ဘာ ၁၆ ရက်နေ့ မနက် ၁၀ နာရီတွင် လက်နက်ကိုင် အဖွဲ့ တဖွဲ့သည် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် လားရှိုးလေဆိပ် ပြေးလမ်း၊ လူနေအိမ်တချို့ ပျက်စီးခဲ့ပြီး၊ အမျိုးသမီး တဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် လားရှိုးမြို့ အမှတ် ၉ နှင့် အမှတ် ၁၁ ရပ်ကွက် ကြားရှိ ဗြုံးတောင်ဘက် မှ ရှော့တိုက်ဒုံး ဟု ယူဆသည့် လက်နက်ကြီး များ အမှတ် ၉ ရပ်ကွက် ဘူတာ ဘက်သို့ပစ်ခတ်ခဲ့သည်။ ထို ပစ်ခတ်မှု အပြီးတွင် ခေးနင်းလမ်းသွယ် ၄နေအိမ်တွင်လည်း မပေါက်ကွဲသေးသည့် လက်နက် ထပ်မံတွေ့ရသည်။

Leave a Comments

SHARE