သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲ- နောင်ချို ပြည်ထောင်စု လမ်းမပေါ်တွင် ယနေ့ နေ့လည် ၁၂နာရီ ဝန်းကျင်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ကျောက်မဲမြို့နယ် ခိုက်တုံဟုန်းကျေးရွာအနီး၊ ကောင်းမူးလျှံလမ်းခွဲ အနီးတွင် မြန်မာ့တပ်မတော် မှ လုံခြုံရေး အရ ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း၊ တိုက်ပွဲ မဟုတ်ကြောင်း ကျောက်မဲမြို့ ဇီဝိတဒါန လူမှုကူညီရေး အသင်း မှ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။
“ တိုက်ပွဲ မဟုတ်ပါဘူး။ တပ်က မသင်္ကာလို့ ပစ်ရှင်းတာပါ။ လုံခြုံရေး အရ ပစ်တာပါ” ဟု ဦးတင်မောင်သိန်း က ဆိုသည်။
ယနေ့ နေ့လည် ၁၂နာရီ တွင် ကျောက်မဲ- နောင်ချို ပြည်ထောင်စုလမ်းမပေါ် ဖြစ်ပွားသည့် တိုက်ပွဲ အခြေအနေသည် မည်သည့် အဖွဲ့ တိုက်ပွဲ ဖြစ်ပွားသည်ကို မသိရှိသေးကြောင်း၊ သေနတ်သံ ကြားရကြောင်း၊ လူထိခိုက်မှု အခြေအနေ လည်းမသိရသေးကြောင်း ကျောက်မဲမြို့နယ် အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။
“ ဒီနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲက ဘယ်သူတွေဖြစ်ကြလဲမသိဘူး။ အဲ့နေရာက သျှမ်းတပ် RCSS တွေတော့ရှိတယ်။ သေနတ်သံတွေကြားရတော့ ကားအတက် အဆင်း တွေ ခဏ ရပ်ထားရတယ်။ အခုလမ်းပြန်ဖွင့်ပြီလား မသိသေးဘူး” ဟု ဦးစိုင်းထွန်းင်း က ပြောသည်။
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ တွင် ယခုရက်ပိုင်း ပစ်ခတ်မှု များ မကြာခဏ ရှိနေသဖြင့် တရားဥပဒေ စိုးမိုးမှု ကင်းနေကြောင်း လည်း ကျောက်မဲဒေသခံများက ပြောဆိုလိုက်သည်။
ယမန်နေ့ နေ့လည် ၂နာရီခွဲတွင် ကျောက်မဲမြို့ ပေါ်ရှိ စားသောက်ဆိုင်တွင် မိုင်းတင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ နားမွန်း ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် လွယ်အွယ် ကျေးရွာသား တို့ ၃ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့သည်။











Leave a Comments