Tuesday, January 27, 2026

သျှမ်းမြောက် ပဋိပက္ခနယ်မြေက နယ်စပ်ရထားလမ်းစီမံကိန်း

စစ်ရေးပဋိပက္ခများ မကြာခဏဖြစ်ပွားသည့် သျှမ်းမြောက်ဒေသတွင် အမြန်ရထားစီမံကိန်း တည်ဆောက် ရန် အတွက် ဒေသခံပြည်သူများ နှင့် တွေ့ဆုံ ပြီး၊ ကွင်းဆင်းမှုများ စတင်လုပ်ဆောင်နေသည်။

 

 

စက်တင်ဘာ လဆန်းမှ စတင်ကာ သျှမ်းမြောက် ရထားလမ်း ဖြတ်သန်းမယ့် မန္တလေး- ပုသိမ်ကြီး-ပြင်ဦးလွင်- နောင်ချို- ကျောက်မဲ- သီပေါ- လားရှိုး- သီန္နီ- မူဆယ်ဒေသ ရှိ လူထုတွေ့ဆုံပွဲ အခမ်းအနားကို ဆက်တိုက်ပြုလုပ်ခဲ့ကြသည်။

လူထု တွေ့ဆုံပွဲ အခမ်းအနားသည် မူဆယ်-မန္တလေးရထားလမ်း ဖြစ်နိုင်စွမ်း လေ့လာခြင်း အတွက် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း ( Environmental Impact Assessment- EIA) ဆိုင်ရာ လာရောက် ရှင်းလင်းခြင်းဖြစ်သည်။

ထို့အပြင် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်း ဖြစ်မြောက် နိုင်ခြေ လေ့လာမှု ဆောင်ရွက်ရန် မြန်မာ့မီးရထား နှင့် တရုတ်နိုင်ငံတို့ အကြား အောက်တိုဘာ ၂၂လရက် တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

လေ့လာဆန်းစစ်မှု တွင် လမ်းကြောင်း တလျောက် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်မှုများ၊ လူမှုထိခိုက်မှု ဆန်းစစ်ခြင်းများ၊ ဖြတ်ကျော်ရမည့် တောင်တန်း၊ မြစ်ချောင်းများ၊ ဖြတ်သန်းသွားသင့်သည့် မြို့များ စသည့် လမ်းကြောင်း တလျှောက်ဆောင်ရွက် ရမည့် ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။

မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ရန် ဒေသခံပြည်သူများကို EIA ဆိုင်ရာ လာရောက် ရှင်းလင်းမှုတွင်လည်း သိသာမြင်သာမှု မရှိကြောင်းလည်း သီပေါမြို့ ဒေသခံများက ပြောဆိုကြသည်။

“ EIA အတွက် သီပေါမြို့ နယ် ကျေးရွာ (၇ )ရွာ ကို ဖြတ်တဲ့ ဒေသခံရွာသားတွေကို လာတွေ့တယ်။ EIA ကိစ္စ ဆိုပြီးပြောပေမယ့် သဘာဝပတ်ဝန်းကျင် ဘယ်လို ထိခိုက်မယ်ဆိုတာ ထည့်မပြောဘူး” ဟု သီပေါမြို့ မှ ဒေသခံ နန်းမွေလျန်းက ပြောသည်။

နန်းမွေလျန်း သည် မြန်မာ့မီးရထား အဖွဲ့ နှင့် EIA အဖွဲ့ မှ သီပေါမြို့ စက်တင်ဘာ ရ ရက်နေ့ လူထုု တွေ့ဆုံပွဲ အခမ်းအနား ကို တက်ရောက် နားထောင်ခဲ့သူ တဦးဖြစ်သည်။

လူထုတွေ့ဆုံပွဲ လုပ်ချိန်တွင် ရထားလမ်းဖြတ်သန်းမည့် နေရာ ရှိ လယ်ယာမြေများ ဆုံးရှုံးမှု၊ အိမ်ခြေ ပျက်စီးမှု ကိစ္စများကို သာမက EIA ဟု ပြောဆိုပြီး လူထု တွေ့ဆုံပွဲလုပ်ရာတွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ကို ပါ ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိဟု နန်းမွေလျန်း က ပြောသည်။

ထို ပွင့်လင်းမြင်သာမှု မရှိသည့် အတွက် ဒေသခံ ပြည်သူများ သည် လယ်ယာမြေ၊ အိမ်ခြေများ ထိခိုက်မှု နစ်နာမှုရှိလာမည် ကို စိုးရိမ်မှု ဖြင့်ရင်ဆိုင်နေရသည်။

“ ရွာသားတွေ မြေယာနဲ့ ပတ်သက်ပြီး ပိုသိချင်ကြတယ်။ ဒါပေမယ့် မေးတာ မဖြေနိုင်ဘူး” ဟု နန်းမွေလျန်း က ပြန်လည် ပြောပြသည်။

လက်ရှိ မူဆယ်-မန္တလေး မီးရထားလမ်းသည် ပြည်သူလူထုကို ချပြသည့် အဆင့်သာ ရှိသေးကြောင်း၊ အစိုးရ အနေဖြင့် EIA ကို ပွင့်လင်းမြင်သာစွာ ချပြသင့်ကြောင်း လည်း ကျောက်မဲမြို့ နယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်း က ပြောသည်။

“ အခု က လုပ်မလုပ် ကွင်းဆင်းတာပဲရှိသေးတယ်။ ပြည်သူတွေ ဘက်ကတော့ စိုးရိမ်တာပေါ့။ လယ်တွေ ထဲလည်း ဖြတ်သွားမယ်။ နစ်နာချက်တွေ ရှိမယ်ဆိုပြီး စိုးရိမ်ကြတာတွေ ရှိပါတယ်” ဟု စိုင်းထွန်းဝင်း က ဆိုသည်။

ရထားလမ်းနှင့် ပတ်သက်ပြီး အဓိက ရင်ဆိုင်ရမည့် ပြဿနာမှာ မြေသိမ်းမှု ဖြစ်ကြောင်း၊ မြေသိမ်းသည့် ကိစ္စတွင် ဒေသခံ တိုင်းရင်းသားများ ထိခိုက်နစ်နာမှု မရှိအောင် ထိုက်တန်သည့် လျော်ကြေး ရရှိရေးဆောင်ရွက်ပေးရန်လည်း စိုင်းထွန်းဝင်း က ပြောသည်။

ဆက်လက်ပြီး မြန်မာ့မီးရထား လမ်းဖောက်ရန် အတွက် ဒေသခံ ပြည်သူများ၏ သဘောဆန္ဒများကို ဦးစားမေးမြန်းပြီး၊ ပြည်သူလူထု ထောက်ခံ မှ သာ ရထားလမ်းဖောက်သွားမည် ဟု ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ မီးရထား ဒုတိယ အထွေထွေ မန်နေဂျာ( မြို့ ပြ) ဦးဌေးလှိုင် က ပြောသည်။

ရထားလမ်းဖောက်လုပ်ရာတွင် ဖြတ်သန်းမည့် မန္တလေးတိုင်း ပုသိမ်ကြီးတွင်၊ ပြင်ဦး နှင့် သျှမ်းပြည် မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊သိန္နီ နှင့် မူဆယ်တို့ ရှိ ဒေသခံ ပြည်သူများကို ၂ ကြိမ်တိုင် ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်းသိရသည်။

“ သူတို့ကတော့ လျော်ကြေး ကိစ္စပဲပြောတယ်။ သူတို့ က ဖောက်တာကိုလက်ခံတယ်။ လျော်ကြေးကို ထိုက်တန်ပေးရမယ်”ဟု ဦးဌေးလှိုင် က ဆိုသည်။

ရထားလမ်း စီမံကိန်းဖြတ်သန်းမည့် ဒေသရှိ လယ်ယာများ လျော်ကြေး များကို ဒေသဆိုင်ရာ အာဏာပိုင် များက မြေယာ လျော်ကြေး ကော်မတီ မှ ကွင်းဆင်းစစ်ဆေးပြီး မြေယာ စျေးနှုန်း ကို သတ်မှတ်ကာ လျော်ကြေး ငွေ ပေးသွားမည်ဟု လည်း သိရသည်။

“ ရထားလမ်းဖောက်လုပ်ဖို့ အတွက် တိုင်းတာမှုကတော့ ပြီးပြီ။ အခု က ပြည်သူတွေရဲ့သဘော ဆန္ဒ မေးနေတာ။ လူထု တွေ့ဆုံမှု ပြီးရင် အစီရင်ခံစာ ကို ဝန်ကြီးဌာန တင်မယ်” ဟု ဦးဌေးလှိုင် က ပြောသည်။

မူဆယ်-မန္တလေး အမြန်ရထား စီမံကိန်းကို ပြည်ထောင်စု အစိုးရ အနေဖြင့် ခွင့်ပြုဟုဆိုပါက နိုင်ငံတကာကို တင်ဒါ ခေါ်သွားမည် ဟုလည်း ဦးဌေးလှိုင် က ရှင်းပြသည်။

“ အခု အချိန်မှာတော့ တင်ဒါ က ဘယ်နိုင်ငံ ဖြစ်မယ်ဆိုတာ မသိဘူး။ တရုတ်လည်း ဖြစ်နိုင်တယ်။ တင်ဒါ အောင် တဲ့သူရမယ်” ဟု သူက ထပ်လောင်း ပြောသည်။

မြေပုံ အတွင်း တွက်ချက်အရ မူဆယ်- မန္တလေး ရထားလမ်း ၄၃၁ ကီလိုမီတာ (၂၆၇ ဒသမ ၈၁ မိုင်) ခန့်ကွာဝေးပြီး တနာရီ မိုင်း ၁၀၀နှုန်းဖြင့် မောင်းနှင်းပြီး၊ မူဆယ်-မန္တလေးကို ၃နာရီသာ ကြာမြင့်ကြောင်း သိရသည်။

“ ပြည်သူအကျိုးခံစားမှုကတော့ ကုန်ပစ္စည်းတွေ ရထားနဲ့ သယ်လို့ရမယ်။ မြန်မြန် ရောက်မယ်။ မူဆယ် မန္တလေးက ၃နာရီ နဲ့ရောက်မှာဆိုတော့ နေ့ချင်းပြန်လို့ရမယ်” ဟု ဦးဌေးလှိုင် က ဆိုသည်။

ထို အမြန်ရထားလမ်းဖောက်မည့် သျှမ်းမြောက် လမ်းတကြော တွင် စစ်ပဋိပက္ခများ ဖြစ်ပွားသည့်အတွက် မြန်မာ့ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်ကြား တိုက်ပွဲ ထပ်မံ ပြင်းထန်လာမည်ကိုလည်း ပြည်သူများ စိုးရိမ် ထိတ်လန့်နေရသည်။

“ တိုက်ပွဲတွေ ပြင်းထန်လာမှာပဲ ကြောက်တယ်။ အဲ့လမ်းတကြောမှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေ က လှုပ်ရှားတော့ ထိတွေ့မှုတွေ မဖြစ်ဖို့ပါပဲ” ဟု ကွတ်ခိုင် ဒေသခံ စိုင်းလှ က ပြောသည်။

မူဆယ်-မန္တလေး အမြန်ရထားစီမံကိန်းကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းနှင့် မသက်ဆိုင်ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားရခြင်းသည် တိုင်းရင်းသားလက်နက်ကိုင် နှင့် အစိုးရ ကြားနိုင်ငံရေး မတည်ငြိမ်မှုသာ ဖြစ်ကြောင်း တအာင်(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတားအိုက်ကျော် ပြောသည်။

“ ကျနော်ထင်တာကတော့ ဒီတိုက်ပွဲနဲ့ စီမံကိန်းနဲ့ မဆိုင်ဘူးထင်တယ်။ ရထားလမ်းဖြတ်သန်းမယ့် နေရာကတော့ တိုက်ပွဲတွေ ဖြစ်တယ်။ စီမံကိန်းနဲ့တော့ မဆိုင်ဘူး။ ပဋိပက္ခဖြစ်တာ တပ်ပေါ်မူတည်တယ်” ဟု တားအိုက်ကျော် က ဆိုသည်။

မူဆယ်-မန္တလေး အမြန်ရထားစီမံကိန်း လမ်းသည် တိုက်ပွဲ ဖြစ်သည့်နေရာ ဖြစ်သော်လည်း ကုန်သွယ်ရေး လမ်းပြတ်တောက်သွားခြင်းမရှိကြောင်း၊ တိုက်ပွဲ ဖြစ်နေချိန်ခဏရပ်ထားပြီး တိုက်ပွဲပြီးပါက ကုန်သွယ်ရေး စီးဆင်းမှု ပုံမှန်ပြန်ဖြစ်ကြောင်း တိုင်းရင်းသား အရေး လေ့လာသုံးသပ်သည့် ဦးမောင်မောင်စိုး က ပြောသည်။

TNLA တပ်ဖွဲ့အနေဖြင့် တရုတ်အစိုးရ ကို ရထားလမ်းဖောက်မည့် ကိစ္စနှင့် ပတ်သက်ပြီး လာရောက် ဆွေးနွေးရန် ကမ်းလှမ်းထားကြောင်း သိရသည်။

စီမံကိန်းတိုင်းသည် တိုက်ပွဲ ပဋိပက္ခ များကြားက ထွက်ပေါ်လာသည့် စီမံကိန်းများဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်ဘက်မှ သျှမ်းမြောက်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် များကို တွေ့ဆုံဆွေးနွေးသွားပါက ထိခိုက်မှု နည်းနိုင်ကြောင်း ဦးမောင်မောင်စိုးက ထောက်ပြ ပြောဆိုသည်။

“ တိုက်ပွဲ ဖြစ်နေတဲ့ကြားကနေ စီမံကိန်းတွေက ဖြစ်လာတာပဲ။ မီးရထားလမ်း လည်း ပဋိပက္ခ ကြား ကနေ ထွက်ပေါ်လာတဲ့ စီမံကိန်းတခုပါ” ဟု ဦးမောင်မောင်စိုး က ထောက်ပြ ပြောဆိုလိုက်သည်။

မီးရထားလမ်းသည် အဓိက အနေဖြင့် ကုန်သည်များသာ အကျိုးရှိမည် ဖြစ်ပြီး၊ ကုန်သွယ်လမ်းကြောင်းမှာလည်း ကုန်ကျ သက်သာလာနိုင်ကြောင်း လည်း ဦးမောင်မောင်စိုး က ပြောသည်။

ထို ရထားလမ်းကြော ရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့်တွေ့ဆုံရန် သည် နိုင်ငံတော် အစိုးရအဖွဲ့ မှ ဆောင်ရွက်နေကြောင်းလည်း လည်း မြန်မာ့ မီးရထား ဒုတိယ အထွေထွေ မန်နေဂျာ( မြို့ ပြ) ဦးဌေးလှိုင် က ပြောသည်။

မူဆယ်-မန္တလေး မီးရထားလမ်းစီမံကိန်းသည် နောက် ၂ နှစ် တွင် စတင်နိုင်ရန် ခန့်မှန်းထားကြောင်း၊ ဒေသခံများ အနေဖြင့်လည်း စီမံကိန်းဖြစ်ရန် သဘောတူသည့် အနေအထားရှိကြောင်းလည်း ဦးဌေးလှိုင်က ပြောသည်။

“ ကျနော်တို့ တော့ စီမံကိန်းဖြစ်ချင်တယ်။ မြန်မြန်အကောင်ထည်ဖော်ချင်တယ်။ နည်းပညာသစ်လည်းရမယ်။ အကျိုးကျေးဇူးလည်း အများကြီး ရမယ်” ဟု ဦးဌေးလှိုင်က ပြောလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

သျှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်မလား

0
စစ်ကော်မရှင်က ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးတို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နှစ်နှစ်နီးပါးပိတ်ထားသည့် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ တရုတ်နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ အာရက္ခတပ်တော်...

မန္တလေး – မူဆယ် သွားလာနေသော ကုန်တင်ကားများကို ရွှေဘို PDF က အခွန်ကောက်

0
မန္တလေးမြို့မှ မူဆယ်မြို့သို့ သွားလာသည့် လမ်းခရီးတလျှောက် စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာသည့် ကုန်တင်ကားကြီးများကို ရွှေဘို PDF က အခွန်ကောက်ခံနေကြောင်း သတင်းရရှိသည်။ မန္တလေးမြို့မှ မူဆယ်မြို့သို့ သွားလာနေသည့် ကုန်တင်ကားကြီးများကို ရွှေဘို PDF က ပြီးခဲ့သည့် ၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်ပြီး တင်ဆောင်လာသည့် ကုန်ပစ္စည်းပေါ်...

မန္တလေး – မူဆယ်လမ်းခရီးတကြော စစ်ကောင်စီဂိတ် စားနပ်ရိက္ခာများသိမ်းဆည်း

0
မန္တလေး-မူဆယ်လမ်း ခရီးတကြောရှိ စစ်ကောင်စီဂိတ်တွင် ခရီးသည်နှင့်ကားသမားများ သယ်ဆောင်လာသော စားနပ်ရိက္ခာများကို သိမ်းဆည်းမှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားပြီးနောက် ယခင်အသုံးပြုနေသည့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းကို ပျက်စီးမှုကြောင့် လက်ရှိတွင် မန္တလေး - တောင်ကြီး - လဲချား - မိုင်းနောင် -...

ကျားဖြန့်လုပ်ငန်းထဲ ရောက်ရှိနေသည့် စစ်ရှောင်လူငယ်များ မိဘနှင့် အဆက်အသွယ်ပြတ်

0
သျှမ်းပြည်မြောက်ပိုင်း စစ်ရှောင်လူငယ်များသည် စားဝတ်နေရေးအတွက် ကျားဖြန့်လုပ်ငန်းထဲတွင် သွားရောက်လုပ်ကိုင်ကြပြီး၊ လက်ရှိတွင် ၎င်းလူငယ်များနှင့် အဆက်အသွယ် ပြတ်နေသဖြင့် မိဘများ စိုးရိမ်လာနေကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီး “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်း တကြောရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ သိန္နီ စသည့် မြို့နယ်အများစုသည်...