Thursday, April 25, 2024

NCA ၄ နှစ်ပြည့်ရက်တွင် RCSS/SSA နှင့် အစိုးရတပ်မတော် တိုက်ပွဲဖြစ်

Must read

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA  လက်မှတ်ရေးထိုး သည့် ၄ နှစ်ပြည့်နေ့ တွင် သျှမ်းပြည်တပ်မတော် RCSS/SSA  နှင့် အစိုးရတပ်မတော် တို့ မိုင်းပန်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် နောင်ဟီး ကျေးရွာ အုပ်စု ဝမ့်ကန့်ကန်ရွာအနီး အောက်တိုဘာ ၁၅ ရက်  မနက် ၉ နာရီ ခွဲက  အစိုးရတပ်မတော် နှင့် RCSS/SSA တို့ ထိတွေ့မှု တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ယနေ့ အောက်တိုဘာ ၁၅ ရက်သည် တိုင်းရင်းသား လက်နက်ကိုင် (EAOs) နှင့် အစိုးရ၊ အစိုးရတပ်မတော် တို့ NCA လက်မှတ်ရေးထိုးခဲ့သည်မှာ ၄ နှစ်ပြည့်သည့် ရက်ဖြစ်သည်။

“ အစိုးရတပ်မတော် က ကျနော်တို့ လှုပ်ရှားတဲ့နေရာထဲကို အကြောင်းမကြားဘဲ ဝင်လာလို့ ထိတွေ့မှု ဖြစ်တာပါ။ သူတို့က လမ်းမကြီးဘက်ကနေမသွားဘဲ။ ကျနော်တို့ရှိတဲ့တောထဲကို ဝင်လာလို့ပါ။ ထိတွေ့မှုက မိနစ် ၂၀ ပါပဲ” ဟု ဒုဗိုလ်မှူးကြီး စိုင်းဦး က ဆိုသည်။

အဆိုပါ ထိတွေ့ ပစ်ခတ်မှုတွင် RCSS/SSA ဘက်မှ တပ်သား များ ထိခိုက်ဒဏ်ရာမရရှိကြောင်း၊အစိုးရတပ်မတော် ဘက်တွင် ထိခိုက်မှု သတင်းမရရှိသေးကြောင်းလည်း ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။

တိုက်ပွဲကြောင့် ပြည်သူများထိခိုက်မှု နှင့် ပတ်သက်ပြီး ဒုဗိုလ်မှူးကြီး စိုင်းဦး က “ ကျေးရွာနဲ့ ဝေးတယ်။ စစ်ရှောင်တွေ တော့ မရှိဘူး” ဟု လည်း ဒုဗိုလ်မှူးကြီး စိုင်းဦးက ထပ်လောင်းပြောသည်။

Photo Credit to RCSS- RCSS စစ်သည်များအား တောတွင်းတနေရာတွင်တွေ့ရပုံ

အစိုးရတပ်မတော် ၏ တဖက်သက် အပစ်ရပ်ကာလ စက်တင်ဘာ ၂၁ ရက်တွင် ကုန်ဆုံးပြီးနောက် RCSS/SSA နှင့် မိုင်းကိုင်မြို့နယ် အတွင်း ထိတွေ့မှု တကြိမ်ရှိခဲ့ကြောင်းသိရသည်။

NCA လက်မှတ်ရေးထိုးပြီးနောက် အစိုးရတပ်မတော် နှင့် RCSS/SSA တို့ထိတွေ့မှု အသေးစားမကြာခဏ ဖြစ်ပွားခဲ့ကြောင်းကြားသိရပြီး  စာရင်းများအရမှာမူ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ အထိ တိုက်ပွဲ ၅၂ ကြိမ်နှင့် ယခု ၂၀၁၉ ခုနှစ်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွါးခဲ့ကြောင်း ဒုဗိုလ်မှူးကြီးစိုင်းဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

ယနေ့ ဖြစ်ပွားသည့် အစိုးရတပ်မတော် နှင့် RCSS/SSA တို့ ထိတွေ့မှုနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းဌာနမှ တပ်မတော် သတင်းမှန်ပြန်ကြားရေး မှ ပြောရေးဆိုခွင့် ရှိသူကို ဆက်သွယ်ခဲ့ရာ မရရှိခဲ့ပေ။

 

 

Leave a Comments

- Advertisement -spot_img

Latest article