ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ့်ကျန်း မြို့နယ်တွင် စိတ်ကြွဆေးပြား ၁ သန်းကျော် ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၀ ရက် ယနေ့မနက် ၉ နာရီက ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ့်ကျန်းမြို့နယ် ဒွယ်တွန်း(Doi Tung) ကားဂိတ် အနီး Bua Ban Resort တွင် အသက် ၄၃ နှစ် အရွယ် ရှိ Mr. Adisak (အဒီးဆတ်) နှင့် အသက် ၂၀ ရှိ Ms. Phattiya (ဖတ်သိယ) တို့မောင်းနှင်လာသည့် ကားပေါ်တွင် စိတ်ကြွဆေးပြားအရေအတွက် ၁ သန်း၂ သိန်း (၁၂၀၀၀၀၀) ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းစာများ ရေးသားချက်အရသိရသည်။
အဆိုပါ ဆေးပြားများ သယ်ဆောင်လာသည့် Mr.Adisak သည် ယခင်က ချင်းရိုင်ခရိုင် တွင် တာဝန်ကျဖူးသည့် စစ်သားဟောင်းတဦးဖြစ်ကြောင်း Chiang Rai Report သတင်းတွင်ရေးသားထားသည်။

စိတ်ကြွဆေးပြား များကို ခရီးဆောင် သေတ္တာ (၄)လုံး နှင့် ခရီးဆောင် လက်ဆွဲအိတ် (၂)လုံးထဲတွင် ထည့်လာကြောင်း၊ ထိုသို့ ခိုးသယ်လာသည်ကို မယ့်ကျန်းရဲတပ်ဖွဲ့ နှင့် စစ်တပ် မှ သတင်းရရှိထားသဖြင့် ဝင်ရောက်ဖမ်းဆီး စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းလည်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။
လက်ရှိမှာ ထို စိတ်ကြွဆေးပြားသယ်ဆောင်လာသည့် အမျိုးသား နှင့် အမျိုးသမီး ကို မယ့်ကျန်း ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးကာ နောက်ဆက်တွဲ ကွင်းဆက်များကိုလည်း ဖော်ထုတ်စစ်ဆေးသွားမည် ဟု သိရသည်။












Leave a Comments