သိန္နီမြို့တွင်း ပစ်ခတ်မှုရဲ့နောက်ဆက်တွဲအခြေအနေ 

0

အောက်တိုဘာ ၉  ရက် ယနေ့မနက် ၆ နာရီခွဲက သျှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ထဲမှာ  မြန်မာ့တပ်မတော်နဲ့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတေ်(TNLA) တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားမှုကြောင့် ဒေသခံ ၇ ဦး ဒဏ်ရာရရှိပြီး၊ မြန်မာ့တပ်မတော်က  ၃ဦး ကျဆုံးခဲ့ပါတယ်။ လက်နက်ကြီးကျည်တွေဟာနေအိမ်တွေနဲ့ ကားတွေကိုပါထိခိုက်ပျက်စီးကြောင်းလည်းသိရပါတယ်။ ပျက်စီးဆုံးရှုံးမှုအခြေအနေတွေနဲ့လက်ရှိသိန္နီမြို့တွင်းလုံခြုံရေးအခြေအနေ တွေနဲ့ပတ်သက်ပြီး သိန္နီမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဦးခမ်း ကိုသျှမ်းသံတော်ဆင့်ကနေ  ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ လက်ရှိ သိန္နီမြို့တွင်းအခြေအနေ ပြောပြပေးပါဦး။

ဖြေ။ ။ အခုတော့ ပစ်ခတ်မှုတွေမရှိတော့ဘူး။ ကျနော် အခု ပစ်ခတ်မှုကြောင့် ပျက်စီး သွားတဲ့နေအိမ်တွေကို လိုက်လံ ကြည့်ပြီး စာရင်းကောက်နေပါတယ်။

မေး။ ။ ပစ်ခတ်မှုကြောင့် နေအိမ် ဘယ်နလုံးလောက် လက်နက်ကြီး ထိမှန် ပျက်စီးသွားပါသလဲ။

ဖြေ။ ။ လက်နက်ကြီးထိမှန်တဲ့နေအိမ် က ၆ အိမ်ရှိပါတယ်။

မေး။ ။ တခြား လူထိခိုက်မှုတွေ ရော ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ လူထိခိုက်မှုကတော့ အရပ်သား ၇ ဦးပါ။ အဲ့ထဲမှာ အမျိုးသမီး ၅ ဦး နဲ့၊ အမျိုးသား ၂ ဦးပါတယ်။ အမျိုးသမီး ၂ ဦး ကတော့ လားရှိုး ဆေးရုံကို ပို့ဆောင်ထားပါတယ်။ ကျည်စတွေ အသားထဲ ဝင်သွားလို့ ဓာတ်မှန်ရိုက်ပြီး ခွဲစိတ်ရမယ်။ စိုးရိမ်စရာတော့ မရှိပါဘူး။

မေး။ ။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေ ရဲ့ အမည် စာရင်းရော ရနိုင်ပါသလား။

ဖြေ။ ။ စိုင်းဆိုင်လှိုင်း အသက် ၂၄ နှစ်  ၊  ဦးဟန်ဝင်းအောင် အသက် ၃၁ နှစ်  ၊ မခင်နန်းစိုး အသက် ၂၉ နှစ် ၊ ဒေါ်နန်းအုံစိန် အသက် ၅၅ နှစ် ၊  မသန်းသန်းနွယ် အသက် ၃၃ နှစ်၊  မနန်းတင့်တင့်ထွန်း    အသက် ၂၅ နှစ်  ၊ ဒေါ်နွမ်းစိန် အသက် ၄၇ နှစ်  တို့ ဖြစ်ပါတယ်။

မေး။ ။ ပစ်ခတ်မှုကြောင့် သေဆုံးသူတွေ ရော ရှိလားမသိဘူး။

ဖြေ။ ။ မြန်မာ့တပ်မတော် တပ်မ ၈၈ က တပ်သား ၃ ဦး ကျဆုံးတယ်။ တပ်သား ၁၀ ဦးလောက်တော့ ဒဏ်ရာရမယ်ထင်တယ်။

မေး။ ။ နောက်ရော ဘာတွေ ပျက်စီးဆုံးရှုံးမှုတွေ ထပ်ရှိသေးလဲ။

ဖြေ။ ။ ကျနော်တို့ သိန္နီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ထားရီ ရဲ့ ကားတစီးလည်း သေနတ်ပစ်ခံရတယ်။ မှန် ကွဲသွားတယ်။ နောက် အရပ်သား ကားကြီး တစီးနဲ့ ကားသေး တစီးလည်း ပျက်စီး သွားတယ်။

မေး။ ။ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတွေကိုရော ဘာတွေကူညီဆောင်ရွက်ပေးပါသလဲ။

ဖြေ။ ။ ကျနော်တို့ နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ သျှမ်းပြည်နယ်အစိုးရနဲ့ တိုင်ပင်ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကျပ်ငွေ တယောက် တသိန်းစီ ကူညီထောက်ပံ့ပါတယ်။

မေး။ ။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ရော ဘာများ ထပ်ပြီး ဖြည့်စွတ် ပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော်အနေနဲ့ ကတော့ ပစ်ခတ်မှုတွေ လည်း ရပ်သွားပြီ၊ ဒေသခံတွေ အနေနဲ့ စိုးရိမ်မှုတွေ ထိတ်လန့်မှုတွေ မရှိဖို့ပြောချင်ပါတယ်။

 

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE