မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ အောက်တိုဘာ တွင် ထပ်မံတွေ့ဆုံမည်

0

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ နှင့် အစိုးရ၊ မြန်မာ့တပ်မတော်တို့သည် အောက်တိုဘာ လတွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူညီမှု ရယူခဲ့ကြောင်း သတင်းရရှိသည်။

Photo by U Nay Min Kha/ ကျိုင်းတုံတွေ့ဆုံဆွေးနွေးပွဲ

သျှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ယမန်နေ့ စက်တင်ဘာ ၁၇ ရက်နေ့ကပြုလုပ်သည့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၊ မြန်မာ့ တပ်မတော်တို့တွေ့ဆုံဆွေးနွေးပွဲသည် အပြုသဘောဆောင်ပြီး လာမည့် အောက်တိုဘာ လတွင် ထပ်မံ တွေ့ဆုံရန် ရှိကြောင်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်
ဦးဇော်ဌေး က ပြောသည်။

ယမန်နေ့ ပြုလုပ်သည့်တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီချက် ၇ ချက် ရရှိခဲ့ကြောင်း သိရသည်။

ထို သဘောတူညီချက်များမှာ အပစ်ခတ်ရပ်စဲရေး Bilateral လက်မှတ်ရေးထိုးရန်၊ လက်ရှိတိုက်ပွဲ ချုပ်ငြိမ်းသွားအောင် ပြုလုပ်ရန်၊ IDP နေရာချထားရေး ကိစ္စ ဆောင်ရွက်ရန်၊ တပ်နေရာချထားရေး ကိစ္စ နှင့် နှစ်ဖက် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရေး ကိစ္စ ကိုယ်စားလှယ်အဖွဲ့ထားရှိရန် တို့ဖြစ်သည်။

ထို့ပြင် နှစ်ဖက် ဖမ်းဆီးချုပ်နှောင်အရေးယူမှု ကိစ္စရပ်နှင့် ပတ်သက်ပြီး ညှိနှိုင်းသဘောတူရန်၊ NCA နှင့် ပတ်သက်ပြီး နှစ်ဖက် လက်ခံနိုင်သည့် လုပ်ငန်းစဉ် အကောင်အထည်ဖော်ရန်၊ နှစ်ဖက် ပစ်ခတ်ရပ်စဲရေး Bilateral အတွက် ဖြစ်ပေါ်လာရေး ရှေ့ဆက်ဆွေးနွေးသွားရန် တို့ဖြစ်သည်။

ဆွေးနွေးပွဲ ရလဒ်နဲ့ ပတ်သက်ပြီး TNLA မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ်တာ့ဘုန်းကျော် က “ ရလဒ် ကတော့ အရင်ကနဲ့ မကွာဘူး။ အများကြီးကြိုးစားဖို့လိုတယ်။မဟုတ်ရင် ကျနော်တို့ ဆွေးနွေး ပွဲနဲ့ပဲ အချိန်ကုန်နေမယ်” ဟု ယမန်နေ့ ဆွေးနွေးပွဲ အပြီးတွင် မီဒီယာများမေးမြန်းချက်ကို ဖြေကြားခဲ့သည်။

ကျိုင်းတုံတွင် ပြုလုပ်သည့်ဆွေးနွေးပွဲ တွင် တိုက်ပွဲလျော့ကျရေး ကိစ္စကို မဆွေးနွေးနိုင်ခဲ့ကြောင်း၊ တိုက်ပွဲ လျော့ကျရေးသည် နှစ်ဖက်တပ်ဖြစ်သည့် မြန်မာ့တပ်မတော်နှင့် TNLAကို ဦးဆောင်နေသည့် သူများပေါ် မူတည်ကြောင်း လည်း တာ့ဘုန်းကျော်က ပြောသည်။

Photo by U Nay Min Kha/ ကျိုင်းတုံတွေ့ဆုံဆွေးနွေးပွဲ

ဆွေးနွေးပွဲ ဆုံးဖြတ်ချက် ရ ချက်တွင် အဓိက ညှိနှိုင်းရန် အခက်ခဲဆုံးသည် အပစ်ခတ်ရပ်စဲရေး Bilateral လက်မှတ်ရေးထိုးလုပ်ပါက စောင့်ကြည့်သည့် အဖွဲ့ထားသင့်၊ မထားသင့် ကိစ္စ၊  စာချုပ်ကိစ္စ (စာချုပ်ကို အသက်ဝင်ပြီး နှစ်ဖက်တပ် လိုက်နာရန် လိုအပ်ကြောင်း) စသည်တို့ဖြစ်ကြောင်း တာ့ဘုန်းကျော်က ပြောသည်။

“ လိုချင်တဲ့ အချက်တွေတော့ မရဘူး။ Bilateral ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမပျက်အောင် ဒိုင်လူကြီးလိုတယ်။ ဘယ်လို ထားကြမလဲ ။ ဆိုတာ သိပ်မပြေလည်ဘူး” ဟု တာ့ဘုန်းကျော် က ဆိုသည်။

လက်ရှိ ကျိုင်းတုံ ဆွေးနွေးပွဲ တွင် နှစ်ဖက်တပ် အမြင် ဆွေးနွေးခြင်း ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာလတွင် တွေ့ဆုံသည့်အချိန်တွင် Bilateral ပစ်ခတ်ရပ်စဲရေး တိကျသည့် အချက်ရအောင် သေချာပြင်ဆင်ပြီး တွေ့ကြမည် ဟု လည်း တာ့ဘုန်းကျော် က မီဒီယာများ မေးမြန်းမှုကို ဖြေကြားသည်။

မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့၊ အစိုးရ နှင့် မြန်မာ့ တပ်မတော်တို့သည် ယမန်နေ့ ကျိုင်းတုံ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေချိန်တွင် သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေဆဲ ဟု သိရသည်။

ထိုဆွေးနွေးပွဲတွင် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့ဖြစ်သည့် ကချင် အမျိုးသားလွတ်လပ်ရေး တပ်မတော် (KIA)၊ ကိုးကန့်တပ်မတော် (MNDAA) ၊ ရခိုင် တပ်မတော်( AA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်( TNLA) တို့ဖြစ်သည်။

တပ်မတော် ကိုယ်စားလှယ်ဘက်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းတို့ဦးဆောင်တက်ရောက်ပြီး အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် ဘက်တွင် ဒုတိယ ဥက္ကဌ ဦးထွန်းထွန်းဦး၊ ဦးသိန်းဇော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)တို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE