လောက်ကိုင်ဒေသ ညမထွက်ရအမိန့် ထပ်မံ ထုတ်ပြန်

0

သျှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွင်း ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ထပ်မံ ထုတ်ပြန်ကြေညာခဲ့သည်။

Photo Credit to DVB

စက်တင်ဘာလ ၉ ရက်နေ့ရက်စွဲပါ လောက်ကိုင်မြို့နယ် အထွေထွေးအုပ်ချုပ်ရေးမှူးရုံး မှထုတ်ပြန်သော ကြေညာချက် တွင် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် လောက်ကိုင် နှင့် ကုန်ကြမ်းမြို့နယ်အတွင်းသာ ဖြစ်ကြောင်း ဖော်ပြထားသည်။

ည မထွက်ရအမိန့် ပုဒ်မ ၁၄၄ – ည ၉ နာရီ မှ မနက် ၅နာရီ အထိ လမ်းပေါ်တွင် မထွက်ရ၊ လူ ၅ ဦးထက် ပိုပြီး မစုရ စသည့် အချက်များ အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

လက်ရှိ ညမထွက်ရ ကြေညာ သည် နယ်မြေသည် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်ဖြစ်သည့် ကိုးကန့် တပ်ဖွဲ့ (MNDAA ) လှုပ်ရှားသည့် နယ်မြေအတွင်း ဖြစ်သည်။

ယမန်နေ့ စက်တင်ဘာ (၉ )ရက်နေ့ တွင် ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် ရခိုင် တပ်ဖွဲ့ (AA ) တို့ကလည်း တလကြာ တဖက်သက် အပစ်ခတ်ရပ်စဲ ထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၅ ခုနှစ် က တိုက်ပွဲဖြစ်ပွားရာ ဒေသခံများ မှာ တရုတ်နိုင်ငံ နှင့် လားရှိုးမြို့ ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေထိုင်ကြသည်။ လက်ရှိ အဆိုပါဒေသတွင် တိုက်ပွဲများ မရှိ ပေ။ ထိုစဉ်ကလည်း ည မထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ခဲ့ဖူးပြီး ယနေ့တိုင် ပြန်လည် ရုပ်သိမ်းထားခြင်းမရှိကြောင်း သိရသည်။

“ တိုက်ပွဲမရှိဘဲ ညမထွက်ရ ပုဒ်မ ၁၄၄ထုတ်၊ လူ၅ဦးထပ် ပိုမစုရ ထုတ်တာတော့ စိတ်ဝင်စားစရာကောင်းတယ်။ အရင်က ထုတ်ထားတာလည်း ပြန်မရုပ်သိမ်းသေးဘူးပဲ ထပ်ထုတ်တဲ့သဘောပါ” ဟု သျှမ်းပြည်နယ် နိုင်ငံရေး သုတေသန ပြုလုပ်နေသည့် အမျိုးသမီး တဦး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ သည် လက်ရှိ အခြေအနေမှာ နေထိုင်သူ ဦးရေ နည်းပါးကြောင်း၊ လောက်ကိုင်မြို့ ပေါ်တွင် တိုက်ပွဲကြောင့် ပျက်စီးနေသည့် နေအိမ်များနှင့် မြို့ပျက် သဖွယ်သာ ရှိနေသေးကြောင်း ၎င်း အမျိုးသမီး ကပြောသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ဒေသအတွင်း ချင်းရွှေဟော် တွင် နယ်စပ်ကုန်သွယ်ရေး ဇုံ ဆောက်လုပ်ရန်လျာထားသည်။ ထိုနေရာ အတွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာမည်ကို စိုးရိမ် သဖြင့် ညအမိန့်မထွက်ရ ပုဒ်မ ၁၄၄ ထုတ်ပြန်ရခြင်းလည်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုလိုက်သည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE